နောက်ခံအကြောင်းရင်း
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အား လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း (၈၀) ထောက်ပံ့ခဲ့ပါသည်။ နယ်စပ်ရေးရာ ၀န်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် စီမံကိန်းကို အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဤစီမံကိန်း၏ရည်ရွယ်ချက်သည် ဆင်းရဲ နွမ်းပါးသော ကျေးလက်နေ ပြည်သူများ အခြေခံ အဆောက် အဦများနှင့် ဝန်ဆောင်မှုများကို လူထုအခြေပြု နည်းလမ်းဖြင့် လက်လှမ်းမှီ အသုံးချနိုင်စေရန်၊ အစိုးရ၏ လူထုအခြေပြု ဖွံ့ဖြိုးရေးသို့ ပြောင်းလဲရာတွင် အထောက်အကူပြုစေရန်နှင့် အစိုးရ၏ သဘာဝ ဘေးအန္တရာယ်နှင့် အရေးပေါ် အခြေအနေများတွင် တုန့်ပြန်မှု စွမ်းရည် တိုးတက်လာစေ ရန် ဖြစ်ပါသည်။ စီမံကိန်းတွင် အောက်ဖော်ပြပါ အပိုင်းများ ပါဝင်သည်။
(က) လူထုသို့တိုက်ရိုက်ထောက်ပံ့ငွေ။ ဦးစားပေး ဒေသန္တရအဆင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန်အတွက် မြို့နယ် (၁၅) မြို့နယ်ရှိ ကျေးရွာ အုပ်စု (၆၄၀) အား ကျေးရွာ အုပ်စု အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရန် ထောက်ပံ့ ပေးသွားပါမည်။ အခြေခံ အဆောက်အအုံများ တွင် ယျေဘုယျအားဖြင့် ကျေးရွာချင်းဆက် လမ်းငယ်များ၊ လူသွားလမ်းများနှင့် တံတား များ၊ ရေသွင်းမြောင်းများ၊ သောက်သုံးရေ ပေးဝေရေး စနစ်များ၊ စာသင်ခန်းများနှင့် ကျန်းမာရေး ဌာနများ ပြန်လည် မွမ်းမံခြင်း၊ အသေးစား ကျေးရွာလျှပ်စစ်ဓါတ်အားပေးရေး လုပ်ငန်းများ ပါဝင်သည်။
(ခ) ကူညီ ထောက်ပံ့ခြင်းနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးစေခြင်း။ ပြည်ထောင်စုအဆင့်နှင့် မြို့နယ် အဆင့်တွင် နည်းပညာ အထောက်အပံ့နှင့် အဖွဲ့အစည်းဆိုင်ရာ ကူညီ ပံ့ပိုးမှုများ ပြုလုပ်ရန်နှင့် အပိုင်း (၁) တွင် ပါဝင်သည့် လူထုဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကူညီရန်နှင့် မကျေနပ်မှုများ ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် လူထုစည်ရုံးရေးမှူးများ ငှားရမ်း အသုံးပြုခြင်းများ ပါဝင် ပါသည်။ သို့ပါ၍ လူထုပူးပေါင်းပါဝင်မှု အစီအစဉ်များ၊ စီမံကိန်း စီမံခန့်ခွဲခြင်းများ၊ ကျားမ ညီမျှမှုများနှင့် ပါဝင်ခွင့်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဒေသဆိုင်ရာ ကော်မီတီဝင်များ၏ လူမှု တာဝန်ယူမှုဆိုင်ရာ စွမ်းဆောင်ရည် ဖွံ့ဖြိုးရေး သင်တန်းများအပြင် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုအဆင့် အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
(ဂ) အသိ ဥာဏ်ပညာနှင့် သင်ယူခြင်း။ လူထု ကိုယ်စားလှယ်များ၊ အစိုးရ ၀န်ထမ်းများနှင့် ရပ်ရွာ လူထုများကို မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်လျက်ရှိသည့် လူထု အခြေပြုဖွံ့ဖြိုးရေး စီမံကိန်းများ သို့ စေလွှတ် လေ့လာစေမည် ဖြစ်ပါသည်။ ထို့ပြင် အစိုးရ၀န်ထမ်း အနေဖြင့် လူထုအခြေပြု ချဉ်းကပ်မှု နည်းလမ်းများကို သိရှိနားလည် အကျွမ်းဝင်နိုင်စေရန်အတွက် ASEAN နိုင်ငံများနှင့် အခြား ဒေသ တွင်း နိုင်ငံများရှိ အောင်မြင်သော လူထု အခြေပြု စီမံကိန်းများသို့ လေ့လာရေး ခရီးစဉ်များ စေလွှတ်ခြင်း ပါဝင်ပါသည်။
(ဃ) အကောင်အထည်ဖော်ရေး အထောက်အပံ့။ ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့်တို့ တွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်း၊ အစီရင်ခံခြင်းနှင့် ဆက်သွယ်ရေး၊ စီမံကိန်း အကောင် အထည်ဖော်ရေးအတွက် စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှု စသည့် စီမံကိန်း စီမံခန့်ခွဲမှုများ အတွက် ငွေကြေး ထောက်ပံ့သွားမည် ဖြစ်သည်။ ထို့ပြင် မကျေနပ်မှုများ ဖြေရှင်းရေး နည်းစဉ်များနှင့် ပြင်ပအဖွဲ့အစည်းမှ ဘဏ္ဍာရေးနှင့် နည်းပညာပိုင်း ဆိုင်ရာ စစ်ဆေးခြင်းများ ပါဝင်ပါမည်။
(င) ဖြစ်ပေါ်လာနိုင်သော အရေးပေါ် အခြေအနေတွင် တုန့်ပြန်ခြင်း။ အရေးပေါ် အခြေအနေ များ၊ ဘေးအန္တရာယ်များနှင့် သဘာဝကပ်ဆိုးကြီးများအတွက် ကြိုတင် ပြင်ဆင်နိုင်ရန်နှင့် ကျရောက်ချိန်တွင် ချက်ခြင်း တုန့်ပြန်နိုင်ရန် စီမံကိန်း ထောက်ပံ့ငွေ အခြားခေါင်းစဉ်တစ်ခုခုမှ ဘဏ္ဍာငွေကို လိုအပ်သလို လွှဲပြောင်း သုံးစွဲရန် ခွင့်ပြုထားပါသည်။
ပြိုင်ပွဲရည်ရွယ်ချက် -
လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို အကောင်အထည် ဖော်နေစဉ် ပြည်သူလူထု အားလုံး စီမံကိန်းအကြောင်း အလွယ်တကူ သိရှိနားလည်စေရန်၊ စီမံကိန်း၏ လုပ်ဆောင်နိုင်စွမ်းများ ပိုမို ထိရောက် လာစေရန် ရည်ရွယ်ပါသည်။
စီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်းကောင်း၊ စီမံကိန်းနှင့် ပတ် သက်သော ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများ၊ လူထု ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင်လည်းကောင်း စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန်အတွက် ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ပါသည်။
ပြိုင်ပွဲတွင်

(ခ) စီမံကိန်း ကိုယ်စားပြု အထိန်းအမှတ် တံဆိပ် ရွေးချယ်ခြင်း။ စီမံကိန်း အကောင်အထည်ဖော်သော ကာလ တစ်လျှောက်လုံး စီမံကိန်းကို ကိုယ်စားပြုနေမည့် အထိမ်းအမှတ် တံဆိပ် ရေးဆွဲရန် ဖြစ်သည်။ စီမံကိန်းကို ကိုယ်စားပြုပြီး မှတ်မိလွယ်သည့် အထိမ်းအမှတ် တံဆိပ်တစ်ခုအဖြစ် သတ်မှတ် သုံးစွဲရန် ဖြစ်ပါသည်။
(ဂ) စီမံကိန်းနှင့် ပတ်သက်သော ဆောင်ပုဒ်ရွေးချယ်ခြင်း။ စီမံကိန်း၏ သဘောသဘာဝနှင့် ရည်မှန်းချက်ကို အပြည့်အဝ ဖော်ကျူးနိုင်ပြီး မှတ်မိလွယ်သည့် အင်အားဖြစ်စေမည့် အားပါသော ကဗျာလင်္ကာ အမျိုးအစားကို ရရှိစေရန် ရည်ရွယ်ပါသည်။ ဥပမာ လယ်ယာစီးပွား တို့အားထား ဆိုသော ကြွေးကြော်သံ ဆန်သော ဆောင်ပုဒ်မျိုး၊ လင်္ကာမျိုးဖြစ်သည်။
စီမံကိန်းသည် လူထုကိုကိုယ်စားပြု၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးနှင့် သက် ဆိုင်ကြောင်း ထင်ရှားသည့် ဖော်ပြချက်မျိုး ဖြစ်စေရန်၊ ရိုးရှင်းပြီး မှတ်မိလွယ်သည့် အမည်၊ အင်အား ပါသည့် ဆောင်ပုဒ်၊ သိသာထင်ရှားစေသည့် အထိမ်းအမှတ်တံဆိပ်တို့ ဤပြိုင်ပွဲမှ ထွက်ပေါ်လာမည် ဟု မျှော်မှန်းပါသည်။
စီမံကိန်း အမည် (Project Name)
- မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည်။
- ရိုးရှင်း၍ မှတ်မိလွယ်သည့် အမည် ဖြစ်ရမည်။
- “စီမံကိန်း” စာလုံး အပါအ၀င် စာလုံးရေ ၁ဝ လုံးထက် မပိုစေရ။
- စီမံကိန်း၏ရည်ရွယ်ချက်ကို အလွယ်တကူ သိရှိနားလည်ပြီး စီမံကိန်းအကြောင်း ပေါ်လွင်စေရမည်။
- စီမံကိန်းသည် လူထုကိုကိုယ်စားပြု၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ကြောင်း ထင်ရှားသည့် အမည် ဖြစ်ရမည်။
- စီမံကိန်း အမည်သည် လူမျိုး၊ ဘာသာအားလုံးအတွက် သင့်လျော်ပြီး မည်သည့်တိုင်းရင်းသား လူမျိုး အတွက်မဆို အသုံးပြုနိုင်ရမည်။
စီမံကိန်း ကိုယ်စားပြု အမှတ်အသားတံဆိပ် (Logo)
- ရိုးရှင်း၍ မှတ်မိလွယ်သည့် ဒီဇိုင်း ဖြစ်ရမည်။
- စီမံကိန်း ရည်ရွယ်ချက်ကို ထင်ဟပ်ဖော်ပြသည့် တံဆိပ်မျိုးဖြစ်ရမည်။
- စီမံကိန်းသည် လူထုကို ကိုယ်စားပြု၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ကြောင်း ထင်ရှားသည့် တံဆိပ်မျိုး ဖြစ်ရမည်။
- အရောင်တစ်ရောင်တည်း သို့မဟုတ် 4 color ဖြင့် အသုံးပြုပါကလည်း အဆင်ပြေမည့် ဒီဇိုင်း မျိုး ဖြစ်ရန် လိုသည်။
မည်သည့် အရွယ်အစားဖြင့်မဆို ရေးဆွဲပေးပို့နိုင်ပြီး Logo အတွက် သင့်လျှော်သော အချိုး ဖြစ်ရမည်။ Illustrator, Coreal Draw, AutoCAD အစရှိသည့် ဆော့ဖ်ဝဲများဖြင့် ရေးဆွဲနိုင်ပြီး vector format ဖြင့် ပေးပို့ရမည်။ တစ်နည်းအားဖြင့် မည်သည့် အရွယ်အစားအတွက်မဆို အသုံးပြုနိုင် သည့် format ဖြစ်ရမည်။
မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည်။ ရိုးရှင်း၍ မှတ်မိလွယ်သည့် ဆောင်ပုဒ် ဖြစ်ရမည်။ စာလုံးရေ ၁၅ လုံးထက် မပိုစေရ။ ရွတ်ဆိုကောင်းသော အဖွဲ့အနွဲ့မျိုး ဖြစ်ရမည်။ စီမံကိန်း၏ ရည်ရွယ်ချက် သို့မဟုတ် စီမံကိန်းသည် အစိုးရမှ ပြည်သူလူထုအကျိုးရှိစေရေးအတွက် အကောင်အထည်ဖော် ပေးခြင်းခြင်ကြောင်း ပေါ်လွင်စေရမည်။ စီမံကိန်းသည် လူထုကိုကိုယ်စားပြု၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ကြောင်း ထင်ရှားသည့် ဆောင်ပုဒ် ဖြစ်ရမည်။ ဆောင်ပုဒ်သည် လူမျိုး၊ ဘာသာအားလုံးအတွက် သင့်လျော်သည့် ဆောင်ပုဒ်မျိုးဖြစ်ပြီး မည်သည့် တိုင်းရင်းသား လူမျိုးအတွက်မဆို အသုံးပြုနိုင်ရမည်။
ဆုရွေးချယ်မည့်သူများ
ပြိုင်ပွဲအတွက်ပေးပို့သည့် အမှတ်အသားတံဆိပ်၊ ဆောင်ပုဒ်နှင့် စီမံကိန်းအမည်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများအပါအ၀င်၊ အစိုးရမဟုတ်သောအဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့ဖြင့် ရွေးချယ်သွားမည် ဖြစ်ပါသည်။
ပိုင်ဆိုင်မှု သတ်မှတ်ချက်
ပြိုင်ပွဲအတွက် ပေးပို့ထားသည့် အမှတ်အသား တံဆိပ်၊ ဆောင်ပုဒ်နှင့် စီမံကိန်း အမည်များကို ရွေးချယ် မခံရသော်လည်း အခြားတစ်နေရာတွင် ပြန်လည် အသုံးပြုလိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (Department of Rural Development) ထံမှ ခွင့်ပြုချက် ရယူရမည်။
ပေးပိုရမည့်လိပ်စာ
ပြိုင်ပွဲပိတ်ရက် - ဧပြီ ၂၄၊ ၂၀၁၃
အထွေထွေ စည်းကမ်းချက်များ
- မြန်မာနိုင်ငံအတွင်း နေထိုင်လျှက်ရှိသော မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
- ပြိုင်ပွဲဝင်တစ်ဦးတည်းက ပြိုင်ပွဲ ၃ မျိုးစလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
- ပြိုင်ပွဲဝင်တစ်ဦးတည်းက ပြိုင်ပွဲတစ်ပွဲတွင် အရေအတွက် အကန့်အသတ်မရှိ ဝင်ရောက် ယှဉ်ပြိုင်နိုင် သည်။ သို့သော် စကာတင်စာရင်းအတွက် တစ်ခုသာ စဉ်းစားပေးမည် ဖြစ်ပါသည်။
- ပြိုင်ပွဲဝင်တိုင်းသည် ပြိုင်ပွဲတစ်ခုချင်းစီအတွက် သီးခြားတစ်စောင်ချင်း ပေးပို့ယှဉ်ပြိုင်ရမည်။ ပြိုင်ပွဲ တစ်ခုထက်ပို၍ ယှဉ်ပြိုင်လိုသော သို့မဟုတ် ပြိုင်ပွဲတစ်ခုချင်းစီတွင် အရေအတွက်တစ်ခုထက်ပို၍ ယှဉ်ပြိုင်လိုသော ပြိုင်ပွဲဝင်များ အနေဖြင့် ပြိုင်ပွဲတစ်ခုချင်းစီ၏ အရေအတွက် တစ်ခုချင်းစီအတွက် စာအိတ်တစ်အိတ်စီဖြင့် သီးခြားပေးပို့ရမည်။ အားလုံးပေါင်း၍ ပေးပို့ခြင်း မပြုရ။ အကယ်၍ ပေးပို့ လာပါကလည်း ပြိုင်ပွဲအတွက် လက်ခံစဉ်းစားမည် မဟုတ်ပါ။
- ပြိုင်ပွဲဝင် (အမှတ်အသားတံဆိပ်၊ ဆောင်ပုဒ်နှင့် စီမံကိန်းအမည်များ) လက်ရာကို A4 စက္ကူပေါ်တွင် ပုံနှိပ်ပြီး စာရွက်တစ်ရွက် (hard copy)၊ CD ဖြင့် (soft copy) ကူးပြီး ကော်ပီ ၂ စုံ ပူးတွဲပေးပို့ရမည်။
- အမှတ်အသားတံဆိပ်၊ ဆောင်ပုဒ်နှင့် စီမံကိန်းအမည် လက်ရာများ ပုံနှိပ်ထားသည့် A4 စာရွက် နောက်ကျောဘက်တွင် ယှဉ်ပြိုင်သူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ် ရန် တယ်လီဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာတို့ အပြည့်အစုံနှင့် ကိုယ်တိုင်ဖန်တီးထားသည့် လက်ရာဖြစ်ကြောင်း ၀န်ခံချက်ကို လက်မှတ်ရေးထိုး ထည့်သွင်း ဖော်ပြပေးရမည်။
- ပြိုင်ပွဲဝင်လက်ရာများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။
- ပြိုင်ပွဲဝင် လက်ရာများကို ပြန်လည်ပေးပို့မည်မဟုတ်ပါ။
- ပြိုင်ပွဲဝင်သူ၏ ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်ရန်လိပ်စာပါ ဖော်ပြထားသူကိုသာ ပြိုင်ပွဲ ဝင်သူဖြစ်သည်ဟု လက်ခံသတ်မှတ်ပါမည်။ နောင်မှ ပြုပြင်ပြီး အရှုပ်အရှင်း များ ဖြစ်ပေါ်လာပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။
- ပြိုင်ပွဲဝင်လက်ရာများတွင် ဆင်တူသည့်လက်ရာများ တစ်နည်းအားဖြင့် အိုင်ဒီယာတူသည့်၊ သဘော တရားတူသည့် လက်ရာများအတွက် ဦးစွာလက်ခံရရှိသည့် ပြိုင်ပွဲဝင်၏ လက်ရာကိုသာ ရွေးချယ်သွား မည် ဖြစ်သည်။
- ပြိုင်ပွဲတွင် မည်သည့် အငြင်းပွားမှုမျိုး ပေါ်ပေါက်သည်ဖြစ်စေ ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ဆုံးဖြတ် ချက်သည် အတည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သီးခြား ဖြေရှင်းရန် တာဝန်မရှိပါ။
ရွေးချယ်မှုအစီအစဉ်
ပြိုင်ပွဲတစ်ခုချင်းစီအတွက် ယှဉ်ပြိုင်လာသူများထဲမှ အကောင်းဆုံးဟု ရွေးချယ်ရေးအဖွဲ့က သတ်မှတ်သော ပြိုင်ပွဲဝင်လက်ရာ ၃ ခုကို ဆန်ခါတင် ရွေးချယ်ပါမည်။ ပြိုင်ပွဲဝင်အားလုံးထံ ဆန်ခါတင် ရွေးချယ်ခံရသူ အမည်စာရင်းကို အီးမေးလ် ပေးပို့၍ အကြောင်းကြားပေးပါမည်။ ဆန်ခါတင်ရွေးချယ်မှုနှင့်ပတ်သက်ပြီး မည်သည့်ပြိုင်ပွဲဝင်များက မည်သည့်အကြောင်းကြောင့် ရွေးချယ်ခံရကြောင်းနှင့် အရွေးချယ်မခံရကြောင်း ကို သီးခြား အသိပေးဖော်ပြမည်မဟုတ်ပါ။
ဆုရွေးချယ်ခြင်း
ပြိုင်ပွဲ တစ်ခုချင်းစီအတွက် ဆန်ခါတင်ရွေးချယ်ထားသော ပြိုင်ပွဲဝင်လက်ရာ ၃ ခုထဲမှ စီမံကိန်းတွင် အသုံးပြု မည့် လက်ရာတစ်ခုစီကို ရွေးချယ်သွားပါမည်။ ရွေးချယ်ခံရသည့် တံဆိပ်၊ စီမံကိန်း အမည်နှင့် ဆောင်ပုဒ်တို့ကို စီမံကိန်းကာလတစ်လျှောက်လုံး အသုံးပြုသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော လက်ရာရှင်များကို ဥာဏ်ပူဇော်ခအဖြစ် ကျပ် ၅ သိန်းတိတိ ချီးမြှင့်ပါမည်။ ဆန်ခါတင်ရွေးချယ်ခံရပြီး စီမံကိန်း အတွက် ရွေးချယ်ခြင်းမခံရသော လက်ရာရှင်များကိုလည်း ဥာဏ်ပူဇော်ခအဖြစ် ကျပ်တစ်သိန်းစီ ချီးမြှင့်ပါမည်။
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံး အမှတ် (၁၄)၊ နေပြည်တော်။
ဖုန်း ၀၆၇ ၄၀၉၄၁၃၊ ၀၆၇ ၄၀၉၄၁၅။
အီးမေးလ် - drdmyanmar@gmail.com
No comments:
Post a Comment