title

title
hi

Tuesday, November 26, 2013

ဧရာဝတီတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ



ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်အတွက်  ဧရာဝတီတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၃ နိုဝင်ဘာလ ၂၆ ရက်နေ့က ပုသိမ်မြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ 

အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဦးလှခိုင်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များဖြစ်သည့် Task Team Leader Mr. Ingo Wiederhofer နှင့် Country Officer Mr.Nikolus Myint၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး၊ ကမ္ဘာ့ဘဏ်မှ Task Team Leader Mr. Ingo Wiederhofer က မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းအကြောင်း အကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့အလိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်တင်ပြခြင်း၊ အဖွဲ့ အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက် တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ ခုမှာ လေးမျက်နှာမြို့၊ သာပေါင်းမြို့နှင့် ငပုတောမြို့တို့ ဖြစ်ပါသည်။ ထိုမြို့နယ်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီးနောက် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟိုကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက်တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် ရယူမည် ဖြစ်ပါသည်။ အဆင့်ဆင့်အတည်ပြုပြီးပါက လူထုဗဟိုပြုစီမံကိန်း၏ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

ဤစီမံကိန်းသည် ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူများအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို လူထုအခြေပြုနည်းလမ်းဖြင့် လက်လှမ်းမီ အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ 

စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ မြို့နယ်တစ်မြို့နယ်စီနှင့် အစိုးရအဖွဲ့ ရုံးစိုက်သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့တွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ 

စီမံကိန်း စတင်အကောင်အထည်ဖော်သည့် ပထမနှစ် (၂၀၁၃-၂၀၁၄) တွင် ရှမ်းပြည်နယ် (မြောက်) ရှိ နမ်ဆန်မြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းစုမြို့နယ်တို့တွင် စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

0 comments:

Post a Comment

Video