title

title
hi
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Tuesday, November 11, 2014

ပဲခူးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ

















ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ နိုဝင်ဘာလ ၁၁ ရက်နေ့က ပဲခူးမြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ကမ္ဘာ့ဘဏ်မှ Country Office Mr. Nikolus Myint တို့က မိတ်ဆက်စကား ပြောကြားပြီးနာက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန် အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့ငယ် ၁ဝ ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်ခြင်း၊ အဖွဲ့အသီးသီးမှ ကိုယ်စာလှယ်များမှ အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။
          အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၅ မြို့မှာ-
(၁) မိုးညိုမြို့နယ်
(၂) ကျောက်ကြီးမြို့နယ်
(၃) ပန်းတောင်းမြို့နယ်
(၄) သဲကုန်းမြို့နယ်
(၅) ရွှေကျင်မြို့နယ်
 ဖြစ်ပါသည်။

Friday, September 5, 2014

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပ














ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက် ဆွေးနွေးပွဲအား ၂၀၁၄ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ Country Officer Mr. Nicholus Myint၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုနှင့် တာဝန်ရှိသူများ၊ အခြားဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  အစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းမီဒီယာများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင်  ဒုတိယ၀န်ကြီး ဦးတင်ငွေက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် စီမံကိန်းနှစ်ပတ်လည်တွင် ဆောင်ရွက်ရမည့် လူထုစစ်ဆေးပွဲများ၊ အဖွဲ့အစည်းပေါင်း စုံပါဝင်သည့် သုံးသပ်ဆွေးနွေးပွဲ များအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေက မြန်မာနိုင်ငံအတွင်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ထောက်ပံ့ပေးသည့် စီမံကိန်းများ၊ နိုင်ငံခြားအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် စီမံကိန်းများစွာရှိပြီး ယခုကဲ့သို့ လူထုဗဟိုပြု စီမံကိန်းကို တပ်ကုန်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရသည့်အချိန်တွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့ကျေးရွာ ပိုမိုဖွံ့ဖြိုးလာအောင် ဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်ရုံးမှ Country Officer Mr. Nicholus Myint က လူထုဗဟိုပြုစီမံကိန်းကို လူထု ကိုယ်တိုင် စီမံခန့်ခွဲသည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့အကောင်အထည်ဖော်ရာ တွင် ကမ္ဘာ့ဘဏ်အနေဖြင့် ကူညီထောက်ပံ့ခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ယနေ့ မိတ်ဆက်ခြင်းအခမ်းအနားတွင် ပါဝင်ဆွေးနွေးခြင်းဖြင့် စီမံကိန်း စတင်အကောင်အထည်ဖော်သည့်အချိန်တွင် နည်း လမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေး ဒုတိယပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဆင့်ဆင့် ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက စီမံကိန်းလက်စွဲတွင် ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ တစ်ဆက်တည်းမှာပင် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းကြ ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မေးမြန်းချက်အားလုံးကို ပြန်လည်ဖြေကြားခဲ့ သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က ကျေးဇူးတင် စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Wednesday, August 20, 2014

လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူးများ(Community Facilitators)



















လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်နေတဲ့ စီမံကိန်းမြို့နယ်တွေကို ပထမဆုံးအကြိမ်ရောက်စက CFs (Community Facilitators) တွေနဲ့တွေ့တော့တစ်ချို့တွေက ငယ်ငယ်လေးတွေ…သူတို့တွေ ခုလိုမျိုး ကျေးရွာတွေထိအရောက်သွားပြီး ရွာသူ/ရွာသားတွေကို People Center approach ဆို့တဲ့ လူထုဗဟိုပြုပြီး ကျေးလက်ဒေသတွေအတွက်လိုအပ်သော အခြေခံအဆောက်အဦး များကို လူထုကိုယ်တိုင်ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် စည်းရုံးသင်ပြပေးနိုင်ပါ့မလားလို့ ထင်ခဲ့မိတယ်. ဒါပေမဲ့ စီမံကိန်း တစ်နှစ်ပြည့်လို့ (August 18-19/ 2014) နေပြည်တော်မှာကျင်းပခဲ့တဲ့ Multi-Stakeholder Review မှာ စီမံကိန်းမြို့နယ် ၃ ခုက CFs တွေစုံစုံညီညီတွေ့ဖြစ်တော့ ကျနော်ထင်ခဲ့တာတွေ လုံးဝမှာသွားတာကိုသိလိုက်ရတယ်.. Multi Multi-Stakeholder Review ဒုတိယနေ့ အခမ်းနားအစီအစဉ်အရ အုပ်စုငယ်လေးတွေခွဲပြီး ဆွေးနွေကြ တော့ တော်တော်အံသြသွားတယ်..ငယ်ငယ်လေးတွေလို့ ထင်ထားခဲ့တယ် CFs လေးတွေ…အုပ်စုတိုင်းလိုလိုပဲသူတို့တွေက ဦးဆောင်ပြီးဆွေးနွေးနေတာ..သူတို့ဆီမှာ ကျေးလက်ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောပြချင်နေတဲ့ အကြောင်းအရာတွေအများကြီးပဲ…..တက်တက်ကြွကြွဆွေးနွေးကြ…ပြီးတော့ အုပ်စုလိုက်ပြန်လည်တင်ပြကြတော့လည်း သူတို့လေးတွေပါပဲ…. ကျေးလက်နေပြည်သူရဲ့အခြေခံအဆောက်အဦးလိုအပ်ချက်တွေ လူထုကိုဗဟိုပြုသောချည်းကပ်နည်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုတွေ/အခက်အခဲတွေ/သူတို့ ဘယ်လိုဖြေရှင်းကျော်လွှားခဲ့ကြတယ် စသဖြင့် သူတို့အတွေ့အကြုံတွေကို ဆွေးနွေးတင်ပြရုံသာမက နောက်ထပ် ဘယ်လိုမျိုးလုပ်ဆောင်ပေးလျှင်ပိုပြီး ထိရောက်အောင်မြင်နိုင်ကြောင်းကိုလည်းသုံးသပ် အကြံပြုပေးခဲ့ကြပါတယ်….ကျေးလက်နေပြည်သူတွေအတွက် သူတို့တကယ်ပဲ အလုပ်လုပ်ပေးခဲ့နိုင်တာပဲ..လေးစားဂုဏ်ယူမိပါတယ်… အခုဆိုရင် ဒီ ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံကူညီမှုနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ကျေးရွာပေါင်း ၁၂၃ ရွာအတွင် စီမံကိန်းလုပ်ငန်းခွဲစုစုပေါင်း(၁၁၇) ခုကိုကျေးရွာလူထုကိုယ်တိုင်ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါပြီ..အလားတူ ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်က ကျေးရွာပေါင်း(၁၁၉) ရွာမှာစီမံကိန်းလုပ်ငန်းခွဲပေါင်း (၉၇) ခု၊ တင်္နသာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင်းက ကျေးရွာပေါင်း(၁၄၉)ရွာ တွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၄၃) ခုကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ပါပြီ…..ကျေးရွာတွေမှာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မဲ့ လုပ်ငန်းအလိုက်ကော်မတီတွေဖွဲ့မယ်…သူတို့ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်မဲ့ စီမံကိန်းလုပ်ငန်းခွဲတွေကိုဦးစားပေးအလိုက်ရွေးချယ်ကြမယ်…စာသင်ကျောင်းပြုပြင်ရေးတို့/လမ်းဖောက်လုပ်ရေးတို့/ရေရရှိရေးတို့/လျှပ်စစ်မီးရရှိရေးတို့ စသဖြင့် သူတို့ရွာအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေပေါ့..ရွေးချယ်ထားတဲ့စီမံကိန်းလုပ်ငန်းခွဲများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် လိုအပ်သော ပစ္စည်းဝယ်ယူရေး/ဘဏ္ဍာရေး/ပြုပြင်ထိန်းသိမ်းရေး/စောင်ကြည့်အကဲဖြတ်ရေး/အကြံပြုတိုင်ကြားဖြေရှင်းရေးစတဲ့ လုပ်ငန်းတွေကိုကျေးရွာသူကျေးရွာသားများကိုယ်တိုင် လုပ်ဆောင်နိုင်အောင် နည်းပညာအကူအညီများကို CFs တွေကပဲ ကျေးရွာသူကျေးရွာသားများကို အနီကပ်စည်းရုံးသင်ကြားပေးခဲ့တာပါ… CFs သူတို့တွေ ကြီုးစားခဲ့လို့လည်း အခုလိုမျိုးကျေးရွာသူကျေးရွာ သားတွေက စီမံကိန်းလုပ်ငန်းခွဲတွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တာပါပဲ…..စီမံကိန်း ဒုတိယနှစ်/တတိယနှစ်များမှာလည်း တစ်နှစ်ပြီးတစ်နှစ် ရရှိလာသော အတွေ့အကြုံများ/သင်ခန်းစာများ/အကြံအဥာဏ်များကို အခြေခံပြီး ကျေးလက်နေပြည်သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်…..

Tuesday, August 19, 2014

လူထုဗဟိုပြုစီမံကိန်း ၏ပထမနှစ် စီမံကိန်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား











သြဂုတ် (၁၈)၊ နေပြည်တော်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ၏ပထမနှစ် စီမံကိန်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့ မနက် (၉) နာရီတွင် နေပြည်တော်၊ Myanmar International Convention Center 2 (MICC 2) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊
မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့် နှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ လွတ်တော်ကိုယ်စာလှယ်များ၊ ပြည်ထောင်စုအဆင့် ဒု-၀န်ကြီးများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းမြို့နယ်များမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီမံကိန်းဆုရွေးချယ်ခံရသော ကျေးရွာအုပ်စု/ကျေးရွာ များမှ စီမံကိန်းကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင်“ယခုမှာ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နေသူများနှင့် ပူးပေါင်းရေးဆွဲခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်တစ်ခုကို ရေးဆွဲပြီးဖြစ်တဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘက်စုံ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရမယ့် အချိန်အခါကျရောက်နေပြီလည်းဖြစ်ပါကြောင်း၊ သမာရိုးကျချဉ်းကပ်မှု နည်းလမ်းများကိုရှောင်ဖယ်၍ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီ သည့်ဖွံ့ဖြိုးရေးစီမံကိန်း များကိုဆောင်ရွက်မှသာလျင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝရေရှည် ခိုင်မြဲမြင့်မားဝင့်ကြွားနိုင်မယ်လို့ ယုံကြည်ထားတဲ့အတွက် ကမ္ဘာ့ဘဏ်၏ ဘဏ္ဍာရေးနှစ် နည်းပညာပိုင်းဆိုင်ရာ အကူအညီများရယူ၍ ဒီလူထုဗဟိုပြုဖွံ့ဖြိုးရေး စီမံကိန်းကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၂၀၁၃ခုနှစ်မှ စတင်၍ ပြည်နယ်၊တိုင်းဒေသကြီး (၃)ခုတွင်စတင်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါကြောင်း၊ စီမံကိန်းကျေးရွာ အုပ်စုတစ်အုပ်စုလျင်ခန့်မှန်း ကျပ် (၂၄၀)သန်းကို (၃)နှစ်ဆက် တိုက်ထောက်ပံ့၍ ကျေးရွာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေခဲ့တဲ့ အတွက်ရုပ်ဝတ္ထုပိုင်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာခဲ့သလို ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို စုပေါင်းညှိနှိုင်းအဖြေရှာ၍ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ၊ စွမ်းဆောင်ရည်များ ရရှိလာခဲ့ပါကြောင်း၊ အထူးသဖြင့် အများပိုင်ရန်ပုံငွေကို ရှင်းလင်းမြင်သာမှုရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စီမံခန့်ခွဲ တတ်သည့်အလေ့အကျင့်ကောင်းများဟာကျေးလက်နေ ပြည်သူများ အကြားမှာ ကိန်းအောင်း လာခဲ့တာဟာလည်း စီမံကိန်းရဲ့အဖိုးမဖြတ်နိုင်တဲ့ အကျိုးရလဒ်များပဲ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ဒီလုပ်ငန်းညှိနှိုင်း သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများအနေနဲ့ မြေပြင်တွင်ဖြစ်ပေါ်နေသော ပကတိဖြစ်ရပ်မှန် အခြေအနေများ၊ အတွေ့အကြုံ များ၊ ကျေးလက်နေပြည်သူများ၏ အသံနှင့်ခံစားချက်များကို ထင်ဟပ် အခြေခံ၍ အရှိကိုအရှိ တိုင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင် အကြံပြုကြဖို့ တိုက်တွန်းလိုပါကြောင်း ကမ္ဘာ့ဘဏ် နှင့် မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှလည်း ဒီဆွေးနွေးပွဲ မှ အကြံပြုချက်များကို လေးလေးနက်နက်စဉ်းစား၍ ဒုတိယနှစ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ထည့်သွင်းဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ပါသည်။
ထိုနောက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့် မှ မိတ်ဆက်စကားပြောကြာရာတွင် “စီမံကိန်းကာလမှာ ၂၀၁၂ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလအထိ စုစုပေါင်း(၆)နှစ်(၄)လ ကြာမြင့်မှာဖြစ်ပါတယ်။ စီမံကိန်းပထမနှစ်တွင်မြို့နယ် (၃)မြို့နယ်၊ ဒုတိယနှစ်တွင် ပြည်ထောင်စုနယ်မြေအပါအဝင် မြို့နယ်(၆)မြို့နယ်နှင့် တတိယနှစ်တွင် မြို့နယ် (၆)မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ဒေသအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာရေးကို ကျေးရွာလူထုရဲ့ ဦးဆောင်အကောင်အထည်ဖော်မှုနှင့် ဆောင်ရွက်တဲ့ “လူထုဗဟိုပြုစီမံကိန်း”ကို ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် နမ့်ဆန် မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ မြို့နယ် (၃) မြို့နယ်မှာ အကောင် အထည်ဖော် ခဲ့ပါကြောင်း စီမံကိန်းဆောင်ရွက်ရာမှာ လူထုဗဟိုပြုနည်းလမ်း နှင့်အညီ ကျေးရွာလူထု ကိုယ်တိုင်က ကျေးရွာစီမံကိန်းကို ရေးဆွဲပြီး ဆောင်ရွက်လိုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အများသဘောတူရွေးချယ်ကာ ၎င်းတို့ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သည့် စနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊ စီမံကိန်းပြီးစီးတဲ့အခါမှာလည်း ကော်မတီဝင် တွေရဲ့ ဆောင်ရွက်မှုကို ကျေးရွာလူထုဆန်းစစ်ပွဲများ ကျင်းပကာ သုံးသပ်စိစစ်ခဲ့ ပါကြောင်း ကျေးရွာအဆင့် ဆန်းစစ်ပွဲတွေက ရရှိလာတဲ့ ရလဒ်တွေကို မြို့နယ်အဆင့်တွင် သက်ဆိုင်သူ အားလုံးပါဝင်သည့် သုံးသပ်ပွဲများ ထပ်မံကျင်းပခဲ့ပြီး နောက်ဆုံးမှာတော့ ယခုလို ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရတာပဲ ဖြစ်ပါကြောင်း” ပြောကြားသွားခဲ့ပါသည်။
ထို့နောက်တွင် ကမ္ဘာ့ဘဏ်မှ Global practice Manager ဖြစ်သူ Ms. Susan Wong မှ ဆင်းရဲမှုလျော့ချရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွင် ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့မှုအစီစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စီမံကိန်းကို စည်းလုံးညီညွတ်စွာ
အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စု/ကျေးရွာများ ကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ကမ္ဘာ့ဘဏ်မှ Global practice Manager ဖြစ်သူ Ms. Susan Wong နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော် တို့မှ ဆုများချီးမြှင့်ခဲ့ကြပါသည်။
အခမ်းနားအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လူထုဗဟိုပြု စီမံကိန်း ပထမနှစ်အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာ စီမံကိန်းမြို့နယ် ၃ မြို့နယ်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင်တို့မှ မြို့နယ်အလိုက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကိုရှင်းလင်းတင်ပြခြင်း နည်းပညာစစ်ဆေးရေး အကြံပေးမှ စီမံကိန်းမြို့နယ်များမှ နည်းပညာစစ်ဆေးတွေ့ရှိချက်များကို ရှင်လင်းခြင်းတို့ပြုလုပ် ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ စီမံကိန်းနှင့်ပတ်သက်ပြီး အကြံပြုလိုသည်များ/သိလိုသည်များကို မေးမြန်းရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော် မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားကို မွန်းလွဲပိုင်းအစီအစဉ်စတင်ကျင်းပရာ တက်ရောက်လာသူများမှ အုပ်စုငယ် (၈) ဖွဲ့ခွဲကာ
(၁) စီမံကိန်းစီမံခန့်ခွဲမှု၊
(၂) ကျား/မ တန်းတူညီမျှမှုနှင့် ပူပေါင်းပါဝင်ဆောင်ရွက်မှု
(၃) စီမံကိန်းလုပ်ငန်းခွဲ ပြင်ဆင်ခြင်း/အကောင်အထည်ဖော်ခြင်းနှင့် အကာအကွယ်စီစစ်ခြင်း
(၄) လူမှုတာဝန်ယူမှုနှင့် လူမှုဆက်သွယ်ရေး
(၅) ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း
(၆) လူမှုဆန်းစစ်ခြင်း
(၇) စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် အချက်အလက်များ စီမံခန့်ခွဲခြင်း
(၈) ၀ယ်ယူရေးဆိုင်ရာ
စသောခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေမှ အခမ်းနားအပိတ်မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ညနေ (၅) နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Video