title

title
hi

Tuesday, August 19, 2014

လူထုဗဟိုပြုစီမံကိန်း ၏ပထမနှစ် စီမံကိန်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား











သြဂုတ် (၁၈)၊ နေပြည်တော်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ၏ပထမနှစ် စီမံကိန်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့ မနက် (၉) နာရီတွင် နေပြည်တော်၊ Myanmar International Convention Center 2 (MICC 2) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊
မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့် နှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ လွတ်တော်ကိုယ်စာလှယ်များ၊ ပြည်ထောင်စုအဆင့် ဒု-၀န်ကြီးများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းမြို့နယ်များမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီမံကိန်းဆုရွေးချယ်ခံရသော ကျေးရွာအုပ်စု/ကျေးရွာ များမှ စီမံကိန်းကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင်“ယခုမှာ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နေသူများနှင့် ပူးပေါင်းရေးဆွဲခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်တစ်ခုကို ရေးဆွဲပြီးဖြစ်တဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘက်စုံ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရမယ့် အချိန်အခါကျရောက်နေပြီလည်းဖြစ်ပါကြောင်း၊ သမာရိုးကျချဉ်းကပ်မှု နည်းလမ်းများကိုရှောင်ဖယ်၍ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီ သည့်ဖွံ့ဖြိုးရေးစီမံကိန်း များကိုဆောင်ရွက်မှသာလျင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝရေရှည် ခိုင်မြဲမြင့်မားဝင့်ကြွားနိုင်မယ်လို့ ယုံကြည်ထားတဲ့အတွက် ကမ္ဘာ့ဘဏ်၏ ဘဏ္ဍာရေးနှစ် နည်းပညာပိုင်းဆိုင်ရာ အကူအညီများရယူ၍ ဒီလူထုဗဟိုပြုဖွံ့ဖြိုးရေး စီမံကိန်းကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၂၀၁၃ခုနှစ်မှ စတင်၍ ပြည်နယ်၊တိုင်းဒေသကြီး (၃)ခုတွင်စတင်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါကြောင်း၊ စီမံကိန်းကျေးရွာ အုပ်စုတစ်အုပ်စုလျင်ခန့်မှန်း ကျပ် (၂၄၀)သန်းကို (၃)နှစ်ဆက် တိုက်ထောက်ပံ့၍ ကျေးရွာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေခဲ့တဲ့ အတွက်ရုပ်ဝတ္ထုပိုင်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာခဲ့သလို ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို စုပေါင်းညှိနှိုင်းအဖြေရှာ၍ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ၊ စွမ်းဆောင်ရည်များ ရရှိလာခဲ့ပါကြောင်း၊ အထူးသဖြင့် အများပိုင်ရန်ပုံငွေကို ရှင်းလင်းမြင်သာမှုရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စီမံခန့်ခွဲ တတ်သည့်အလေ့အကျင့်ကောင်းများဟာကျေးလက်နေ ပြည်သူများ အကြားမှာ ကိန်းအောင်း လာခဲ့တာဟာလည်း စီမံကိန်းရဲ့အဖိုးမဖြတ်နိုင်တဲ့ အကျိုးရလဒ်များပဲ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ဒီလုပ်ငန်းညှိနှိုင်း သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများအနေနဲ့ မြေပြင်တွင်ဖြစ်ပေါ်နေသော ပကတိဖြစ်ရပ်မှန် အခြေအနေများ၊ အတွေ့အကြုံ များ၊ ကျေးလက်နေပြည်သူများ၏ အသံနှင့်ခံစားချက်များကို ထင်ဟပ် အခြေခံ၍ အရှိကိုအရှိ တိုင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင် အကြံပြုကြဖို့ တိုက်တွန်းလိုပါကြောင်း ကမ္ဘာ့ဘဏ် နှင့် မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှလည်း ဒီဆွေးနွေးပွဲ မှ အကြံပြုချက်များကို လေးလေးနက်နက်စဉ်းစား၍ ဒုတိယနှစ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ထည့်သွင်းဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ပါသည်။
ထိုနောက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့် မှ မိတ်ဆက်စကားပြောကြာရာတွင် “စီမံကိန်းကာလမှာ ၂၀၁၂ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလအထိ စုစုပေါင်း(၆)နှစ်(၄)လ ကြာမြင့်မှာဖြစ်ပါတယ်။ စီမံကိန်းပထမနှစ်တွင်မြို့နယ် (၃)မြို့နယ်၊ ဒုတိယနှစ်တွင် ပြည်ထောင်စုနယ်မြေအပါအဝင် မြို့နယ်(၆)မြို့နယ်နှင့် တတိယနှစ်တွင် မြို့နယ် (၆)မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ဒေသအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာရေးကို ကျေးရွာလူထုရဲ့ ဦးဆောင်အကောင်အထည်ဖော်မှုနှင့် ဆောင်ရွက်တဲ့ “လူထုဗဟိုပြုစီမံကိန်း”ကို ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် နမ့်ဆန် မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ မြို့နယ် (၃) မြို့နယ်မှာ အကောင် အထည်ဖော် ခဲ့ပါကြောင်း စီမံကိန်းဆောင်ရွက်ရာမှာ လူထုဗဟိုပြုနည်းလမ်း နှင့်အညီ ကျေးရွာလူထု ကိုယ်တိုင်က ကျေးရွာစီမံကိန်းကို ရေးဆွဲပြီး ဆောင်ရွက်လိုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အများသဘောတူရွေးချယ်ကာ ၎င်းတို့ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သည့် စနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊ စီမံကိန်းပြီးစီးတဲ့အခါမှာလည်း ကော်မတီဝင် တွေရဲ့ ဆောင်ရွက်မှုကို ကျေးရွာလူထုဆန်းစစ်ပွဲများ ကျင်းပကာ သုံးသပ်စိစစ်ခဲ့ ပါကြောင်း ကျေးရွာအဆင့် ဆန်းစစ်ပွဲတွေက ရရှိလာတဲ့ ရလဒ်တွေကို မြို့နယ်အဆင့်တွင် သက်ဆိုင်သူ အားလုံးပါဝင်သည့် သုံးသပ်ပွဲများ ထပ်မံကျင်းပခဲ့ပြီး နောက်ဆုံးမှာတော့ ယခုလို ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရတာပဲ ဖြစ်ပါကြောင်း” ပြောကြားသွားခဲ့ပါသည်။
ထို့နောက်တွင် ကမ္ဘာ့ဘဏ်မှ Global practice Manager ဖြစ်သူ Ms. Susan Wong မှ ဆင်းရဲမှုလျော့ချရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွင် ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့မှုအစီစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စီမံကိန်းကို စည်းလုံးညီညွတ်စွာ
အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စု/ကျေးရွာများ ကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ကမ္ဘာ့ဘဏ်မှ Global practice Manager ဖြစ်သူ Ms. Susan Wong နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော် တို့မှ ဆုများချီးမြှင့်ခဲ့ကြပါသည်။
အခမ်းနားအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လူထုဗဟိုပြု စီမံကိန်း ပထမနှစ်အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာ စီမံကိန်းမြို့နယ် ၃ မြို့နယ်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင်တို့မှ မြို့နယ်အလိုက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကိုရှင်းလင်းတင်ပြခြင်း နည်းပညာစစ်ဆေးရေး အကြံပေးမှ စီမံကိန်းမြို့နယ်များမှ နည်းပညာစစ်ဆေးတွေ့ရှိချက်များကို ရှင်လင်းခြင်းတို့ပြုလုပ် ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ စီမံကိန်းနှင့်ပတ်သက်ပြီး အကြံပြုလိုသည်များ/သိလိုသည်များကို မေးမြန်းရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော် မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားကို မွန်းလွဲပိုင်းအစီအစဉ်စတင်ကျင်းပရာ တက်ရောက်လာသူများမှ အုပ်စုငယ် (၈) ဖွဲ့ခွဲကာ
(၁) စီမံကိန်းစီမံခန့်ခွဲမှု၊
(၂) ကျား/မ တန်းတူညီမျှမှုနှင့် ပူပေါင်းပါဝင်ဆောင်ရွက်မှု
(၃) စီမံကိန်းလုပ်ငန်းခွဲ ပြင်ဆင်ခြင်း/အကောင်အထည်ဖော်ခြင်းနှင့် အကာအကွယ်စီစစ်ခြင်း
(၄) လူမှုတာဝန်ယူမှုနှင့် လူမှုဆက်သွယ်ရေး
(၅) ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း
(၆) လူမှုဆန်းစစ်ခြင်း
(၇) စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် အချက်အလက်များ စီမံခန့်ခွဲခြင်း
(၈) ၀ယ်ယူရေးဆိုင်ရာ
စသောခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေမှ အခမ်းနားအပိတ်မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ညနေ (၅) နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

0 comments:

Post a Comment

Video