title

title
hi

Wednesday, May 29, 2013

Kyunsu Socializing Trip Diary of kokhy

ကျွန်းစု ဒိုင်ယာရီ ၁၈-၅-၂၀၁၃ - ၁၅၄၅ နာရီ ကိုခိုင် အင်ဒိုနီးရှားက ပြန်ခဲ့ပါပြီ။ လေဆိပ်မှာ ဒေါ်မီမီထွေး နှင့် ဆရာပိတို့ လာကြို ကြသည်။ နေပြည်တော် ကနေ ၁၀၃၀ နာရီ ထွက်ခဲ့တာ အခုဘဲ ရောက်တယ် ဆိုပါတယ်။ ကိုခိုင် ကျွန်းစု ခရီးဆက်ရမည် မို့ နေပြည်တော် မပြန်တော့ပါ။ ရန်ကုန်မှာ စောင့်ရင်း လိုအပ်တာတွေ လုပ်ရပါမည်။ ၁၉-၅-၂၀၁၃ နေ့မှာ ၅ ယောက်စာ မြိတ် လေယာဉ် လက်မှတ် ဝယ်ခိုင်း ရသည်။ ကိုပိကို ဂိမ်း ဆိုင် လိုက်ပို့ သည်။ ကွိုင် တစ်စေ့ဖြင့် ရေခဲမုန့် ကောက်တာ ရ သွားလို့ ကြွား မဆုံးတော့ပါ။ ၂၀-၅-၂၀၁၃ ယောက်စာ မြိတ် လေယာဉ် လက်မှတ် သွား ယူခိုင်းသည်၊ ကိုခိုင် ၂၇၅၀၀၀ ပေးလိုက်သည်။ နောက်တော့ ကျော်စိုးနိုင် ပြန်လာသည်၊ လေယာဉ် လက်မှတ်က ၄၇၅၀၀၀ ဖြစ်သည်။ ပြန်လာတော့ Discount ၅၀၀၀ ပေးတဲ့ အတွက် ၄၅၀၀၀၀ ဖြစ်ကြောင်းနဲ့ ပိုငွေ ပြန် အမ်း ပါသည်။ ပြန်အမ်းငွေကို အခန်းခ ၂၄၀၀၀ ပေးလိုက် ရပါသည်။ ကိုခန့်ဇော်ကို ဖုန်းဆက်တော့ လမ်းမှာပဲ ရှိသေးသည်။ ဟိုတယ် ကိစ္စ စစ်ဆေးခိုင်းလို့ မေးကြည့်တော့ နေမျိုး မြိတ် ပြန်ရောက် နေသည်။ နှစ်ယောက် တစ်ခန်း ယူထားသမျှကို တစ်ယောက်ခန်း ပြန် ယူခိုင်းသည်၊ အခန်း လုံလောက်စွာ မရပါ။ ၃ နေရာ ခွဲ နေရမည်။ ညနေပိုင်း ကိုခန့်ဇော် ရောက်လာတော့ သူတို့ မိသားစုနဲ့ ရခိုင် ဆိုင်မှာ ညစာစား ပါတယ်။ ငါးဟင်း နဲ့ ကဏန်း အစပ်ချက်၊ ဒေါ်မီမီထွေး အကြိုက် တွေ့သည် ထင်ပါ၏၊ ကိုခိုင် အတွက်တော့ စပ်ပါပေ၏။ အင်ဒိုနီးရှားပြန် လက်ရေး ပါတိတ် လက်ဆောင် မရီရီခိုင်ကို ပေး လိုက်သည်။ သူတို့အိမ် လိုက်ပြီး ကိုခိုင် ကျန်ခဲ့တဲ့ ပစ္စည်းတွေ (ယူနီဖေါင်း နှင့် CDMA 450 MHz ဖုန်း) လိုက် ယူ သည်။ ၂၁-၅-၂၀၁၃ - ၀၅၀၀ နာရီ ရိပ်သာမှ ထွက် ပြီး မောင်ဇော်ကို ဝင်ခေါ်သည်။ ဆက်ထွက် လာတော့ ၀၅၃၀ လေဆိပ် ရောက်သည်။ ကိုခိုင် အထုတ်တွေ ချနေတုန်း၊ ကိုခန့်ဇော် အပါအဝင်၊ အတူ သွားကြမည့် ဦးစိုးမောင်၊ သင်းယုလှိုင်၊ လဲ့ယဉ်ဝင်း တို့ ရောက်လာသည်။ လေဆိပ်ထဲ ဝင်တော့ KBZ ကောင်တာ ကို တန်းသွားပြီး အိပ်တွေ အပ်နေတုန်း မားကပ်စ်၊ နစ် နဲ့ အမကြီး ဒေါ်ခင်မမဆွေတို့ ရောက်လာကြသည်။ Oriental House ဆိုင်မှာ မနက်စာစား၊ ၀၆၄၅ နာရီ ရန်ကုန် လေဆိပ်မှ မြိတ်သို့ ထွက်ရန် လေယာဉ်ပေါ် တက်ရသည်။ ၀၇၀၀ နာရီ တိကျစွာ လေယာဉ်ထွက်သည်။ လေယာဉ်ပေါ် မှာ အချိန် ရတာနဲ့ Presentation ကို ကိုခန့်ဇော်ကို ပြပြီး အချောသတ် ပြင်ဆင် ရသည်။ လေယာဉ်မောင် ကလေးက လျှပ်စစ် ပစ္စည်းတွေ မသုံးဖို့ လာပြော ပါ သေး တယ်။ မြိတ် ရောက်တော့ မိတ်ဆက် ဆိုင်မှာ ကတ်ကြေးကိုက် ကြွေးပါတယ်။ ကောင်း၏။ ကိုခိုင် ကတ်ကြေး ကိုက် ရော ဒင်းမ်ဆန်းရော စား ပလိုက်တယ်။ ဆိုင်က ထွက်တော့ ကိုခိုင်က ကိုကျော်မိုးလှိုင်နဲ့ ဟိုတယ် သွားတယ်၊ ကိုခန့်ဇော်က ဦးလှမျိုးနဲ့ ကျွန်းစု သွားမယ့် လှေ သွားကြည့်တယ်။ ဟိုတယ်ရောက် တော့ Presentation ထပ် စစ်ဆေးတယ်၊ ကိုခန့်ဇော် ဟိုတယ်ရောက် လာ တော့ နဲနဲ ထပ် ပြင်သေးတယ်။ နောက် စည်ပင် ရိပ်သာမှာ အစည်းအဝေး လေး လုပ်တယ်၊ ဆိုင်ကယ် နဲ့ လှေ ကျွမ်းကျင်တဲ့ လူတွေ ခေါ် ထားတယ်။ Presentation ကို PDF ထုတ် ထားတာ နေမျိုးကို ပေးပြီး မိတ္တူ ၁၀၀ ပွား ခိုင်း လိုက်တယ်။ တက်ရောက် လာသူ အားလုံးကို ပေးမယ် လို့ စဉ်းစားတယ်။ ပြီးတော့ Dock Yard လိုက်ပြကြတယ်။ လှေ ဆောက်တဲ့ ဒေါက် ဆိုပေမယ့် သူတို့ အသေးဆုံး လှေက ၆၅ ပေ ရှည်တယ်။ ၄၅ ပေ လှေ တစ်စင်းတော့ ကြံ့ခိုင်ရေး လုပ် နေတယ်။ လှေ အကြီးကြီး တစ်စင်း ရောင်းဖို့ ရှိတယ်၊ သိန်း ၁၅၀၀ တဲ့၊ သုံးလို့ ရဖို့ နောက်ထပ် သိန်း ၁၀၀၀ အနည်းဆုံး ထပ်ထည့်ရမယ်။ ညစာ ကောင်းပါသည်၊ ဘီယာ နှစ်ခွက်၊ သုံးခွက် သောက်ပါသည်၊ ကိုကျော်မိုးလှိုင်နဲ့ ဟိုတယ်မှာ မအိပ်ခင် ဘီယာ ဆက်သောက်ကြ ပါသေးတယ်။ ၂၂-၅-၂၀၁၃ - မနက် ၀၇၀၀ နာရီ သွားမယ် လို့ ပြင်ဆင်ပါတယ်၊ ကိုခိုင် အိပ်ယာထ ပြီး Presentation နဲနဲ ပြန်ကြည့်တယ်၊ ရေအိမ် ဝင်တာ နဲနဲ ကြာ သွားတယ်၊ နောက်ကျ နေတော့ ကိုခန့်ဇော် နဲ့ ကိုကျော်မိုးလှိုင် မနက်စာ စားဖို့ သွားနှင့်ပြီ၊ ကိုခိုင်ဆီကို ကား ပြန်လွှတ်လိုက်တယ်၊ ကိုခိုင် အဆင်သင့် မဖြစ်သေးပါ၊ ဖိနပ် ကို အိပ်ထဲ ထည့်သွားချင်တယ်၊ ကွန်ပျူတာနဲ့ ဖိနပ် အထိုင် မကျ ဖြစ်နေသည်။ ဆိုင်ရောက်တော့ အားလုံး စားသောက် ပြီးနေပြီ။ လှေဆိပ် ဆင်းတော့ လှေ အဆင်သင့် စောင့် နေပါပြီ။ လှေက စိတ်ချ လောက်စရာပါ၊ ရေတပ်က လှေလေ၊ မဆိုးပါ။ ကျွန်းစုဘက်ကို မောင်းလာတော့ ကိုခိုင် အဆက်မပြတ် ဓါတ်ပုံ ရိုက်လိုက် Facebook တင်လိုက် အလုပ်ရှုပ် လာခဲ့သည်၊ ပထမဆုံး အခေါက် ဆိုတော့ စိတ်ဝင်စားစရာ အပြည့်ပဲ လေ။ အင်တာနက် ကလဲ ကောင်းနေသည်၊ ကျွန်းစုကို လှမ်း မြင်ရတဲ့ အထိ connection ရသည်။ ခန နေတော့ WCDMA mode မရတော့ပါ။ GSM mode ပြန်ပြောင်းတော့ အင်တာနက် ပြန်ရပါသည်။ မနှေးလှပါ။ ကျွန်းစု မှာ ထားမည့် MIS Database အတွက် နည်းနည်း စိတ်ချ သွားသည်။ လမ်းမှာ သစ်ပင် မပေါက်တဲ့ ကျွန်း ငယ် ကလေးတွေကို ကျွန်းဆင်းရဲ လို့ ခေါ်ကြောင်း သိရပါသည်၊ နာမည်ကို သဘောကျပါ၏။ ကျွန်းစု ဆိပ်ကမ်း မှာ ရှိတဲ့ ဘုရားကို အဝေးက မြင်ရသည်။ ဆိပ်ခံက ကွန်ကရစ် ဆိပ်ခံ ဖြစ်သည်၊ အခိုင် အမာ ဆောက်ထားသည်။ လှေတော့ များများ စားစား မတွေ့ပါ၊ လေး ငါး ခြောက် စင်းသာ ရှိသည်။ ခန်းမသို့ တန်းသွားသည်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် တွဲလျက် ဖြစ်သည်၊ ခန်းမထဲတွင် လူစုံ နေပါပြီ၊ ကိုခိုင် Laptop ကွန်ပျူတာကို Presentation ပြရန် ဆင်ခိုင်းလိုက်သည်၊ ခန နေတော့ ကိုခိုင် လိုက်သွားပါသည်၊ အားလုံး အဆင်သင့် ဖြစ်နေပြီ။ ဝန်ကြီး နှစ်ပါး၊ Markus အပါအဝင် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်များ၊ ဦးခန့်ဇော် အပါအဝင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဦးလှမျိုး အပါအဝင် စည်ပင် ဝန်ထမ်းများ အသီးသီး ဝင်လာကြသည်။ အခန်းအနား စတင်ပါပြီ။ စီမံ/စီးပွား ဝန်ကြီး ဦးသိန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကိုခိုင်က စီမံကိန်းအကျဉ်း ချုပ် Present လုပ်သည်။ မေးမြန်းလာတဲ့ မေးခွန်းတွေကို ကိုခန့်ဇော် ဖြေသည်။ အံ့သြစရာ ကောင်းတာက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ တက်တက် ကြွကြွ မေးကြတာ ပါဘဲ။ Markus က ကျေးရွာတွေ ရဲ့ အခြေအနေကို မေးတယ်၊ ကိုခိုင် ဘာသာ ပြန်ပေးတယ်။ နောက် Markus က ကျေးဇူးတင် စကားပြောတယ်။ သစ်တော/သတ္ထု ဝန်ကြီး ဦးတင်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။ နေ့လည်စာ နဲ့ ဧည့်ခံတယ်။ ဟင်းကောင်းပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲပြီးတော့ စည်ပင်ရုံးကို ကြည့်တယ်၊ စည်ပင်ရုံးက အုပ်ချုပ်ရေးမှူးရုံး ဘေး ကပ်လျက်၊ တောင်ကုန်းကလေး ပေါ်မှာ၊ သပ်သပ် ရပ်ရပ် ကလေးပါပဲ။ ဝန်ထမ်းက ၆ ယောက် ပဲ ရှိတယ်။ သန့်ရှင်းရေးတွေ၊ ဈေးကောက်တွေ၊ ရေမြောင်းတွေ၊ သုဿန်တွေ၊ လမ်းပြင်တာတွေ၊ စသည်စသည် ကို ဘယ်လိုတွေ တာဝန် ခွဲဝေ လုပ်နေကြတယ် မသိ။ ကွန်ပျူတာကို အခန်း သေးသေးလေးထဲ ထည့်ထားတယ်။ မီးစက် လိုမယ်၊ မိတ္တူ ကူးစက် နိုင်တဲ့ မီးစက် ဝယ်ပေးသင့်တယ် လို့ ကိုခိုင် တွေးမိတယ်။ ကိုခိုင် ကျောက်မဲမှာ နေတုန်းက မီးစက်နဲ့ မိတ္တူစက် မတွက်မိဘဲ မိတ္တူစက် အကောင်းစား ဝယ်မိတာ ကူးမရဘဲ ဖြစ်ဘူးတယ်။ နောက် ကတ္တလူ ရွာကို ချီတက် ကြတယ်။ တောင်ကုန်း ကလေးကို ပတ်တက်ပြီ သွားရတယ်။ တောင်ပေါ် လမ်းကလေး လိုပဲ၊ ကျွန်းပေါ်မှာ ဆိုတာတောင် မေ့သွားတယ်၊ လမ်းကတော့ မပြီးသေးပါ။ မိနစ် ၂၀ လောက် မောင်းတော့ ကတ္တလူ ရွာကို ရောက်ပါပြီ၊ ဘုန်းကြီးကျောင်းမှာ စီစဉ် ထားတယ် ဆိုပါတယ်။ ကျောင်းက တော်တော် ကြီးပါတယ်။ တော်တော်လဲ ကောင်းတယ်။ တိုင်တွေကို မှန်စီရွှေချ လုပ်ထားတယ်။ အဲသည် ရွာမှာ မေးကြ ဖြေကြတာ ၁ နာရီလောက် ကြာသွားတယ်။ ပြန်ချိန် က လည်း ရှိသေးတယ်။ ကပ ကို မသွားတော့ဘူး ဆိုတော့ ဝန်ကြီးတွေက ရွာသားတွေ စု ထားပြီးသား ဖြစ်နေတာကို အားနာလို့ သွားချင် တာနဲ့ သွားလိုက် ကြတယ်။ သိပ် မဝေးပါဘူး။ ခန ပဲ မောင်းရ ပါတယ်။ စာသင်ကျောင်းမှာ လူစု ထားတယ်။ ဒီရွာ မှာတော့ တကယ် ခန ဘဲ ပြောတယ်။ အုန်းစိမ်းရည် တိုက်တယ်။ မိုး ရွာလာတယ်။ ပြန် လာကြတယ်၊ လမ်းမှာပဲ မိုးတိတ် သွားတယ်။ လှေဆိပ် ရောက်တော့ ဘုရား နောက်ခံ ထားပြီး ဓါတ်ပုံ ရိုက်ကြတယ်။ တကယ်တော့ ဘုရား နောက်ခံ ထားတော့ အလင်းရောင် ပြောင်းပြန် ဖြစ်လို့ မဲ ပါတယ်။ ဒါပေမယ့် အားလုံးက ဘုရား နောက်ခံ ထားပြီး ရိုက်ချင်တယ် ဆိုတော့လဲ ရိုက်လိုက် ကြတာပေါ့၊ ကျွဲ လို့ ဖတ်တော့ကော ဘာဖြစ်လဲကွယ်၊ ကိုယ်ချင်း ကိုယ်ချင်း နားလည်ရင် ပြီးတာဘဲကို။ ကျွန်းစုက ထွက်လာပြီး ဦးကျားရဲ့ ကျွန်းကို ဝင်ကြည့်ကြ ပါတယ်။ အတော် ကို အောင်မြင် နေတဲ့ စီပွားရေး လုပ်ငန်းပါ။ ကိုခိုင် ဖုန်းက ဓါတ်ခဲ ၄% လောက်ပဲ ကျန်တော့တယ်၊ ဓါတ်ပုံ ရိုက် မရ တော့ပါ။ ကိုခန့်ဇော် ဖုန်းက အားကုန်လို့ ပိတ် တောင် သွားပြီ။ မြိတ်ကို ပြန်လာနေတော့ ဦးသက်ဦးရှိန် က မနက်ဖြန် တော့ အပျော်လှေ စီးရုံဘဲ လို့ ပြောပါတယ်၊ သူ့ကို ရစ်လိုက် ပါတယ်၊ အပျော် ခရီး ဆိုတာ ပျော်စရာ ကောင်းအောင် လုပ်ပေးဘို့ လိုကြောင်း ပြောလိုက်တယ်၊ သူက မနက်ဖြန် ပျော်စေရမယ် လို့ ပြောတယ်။ မြိတ် ရောက်တော့ ဟိုတယ် အမြန်ပြန် ရေချိုး ရပါတယ်။ ၂၄-၅-၂၀၁၃ ပြန်မယ် လို့ ဆုံးဖြတ် လိုက်ကြတဲ့ အတွက် လေယာဉ် လက်မှတ် ကိစ္စတွေ လုပ်ရပါတယ်၊ ၅ ယောက်စာ လက်မှတ် ဝယ်ရတယ်၊ ကမ္ဘာ့ဘဏ် သုံးယောက်စာ ရက် ပြင်ရမယ်။ ညစာကို ဦးကျား ကျွန်းမှာ ကျွေးပါတယ်။ ဦးစိုးမောင်၊ သင်းယုလှိုင်၊ လဲ့ယဉ်ဝင်းတို့ မလိုက်တော့ပါ။ မနေ့ ည က ဆိုင်ဘဲလို့ ပြောပါတယ်။ ဘီယာ ၃-၄ ခွက် သောက်ပါတယ်။ ည ပြန်လာပြီး ဟိုတယ် ရောက်တော့ ကိုကျော်မိုးလှိုင်နဲ့ ဘီယာ သောက်ပါတယ်၊ တစ်ခွက် သောက်ပြီး တအား အိပ်ချင် လာတော့ အိပ် လိုက် ပါတယ်။ ၂၃-၅-၂၀၁၃ မနက် စောစော ထ ရ ပါတယ်၊ ၀၆၀၀ နာရီ ထွက်တယ်၊ လှေပေါ်မှာ breakfast စားတယ်၊ ဦးသက်ဦးရှိန်က ဘီယာ ကို ဖေါ့ဘူးနဲ့ အပြည့် ရေခဲ နဲ့ တကွ ထည့်စိမ် လာပါတယ်၊ တော်ပေစွ။ လှေပေါ်မှာ စားတဲ့ Breakfast က တော့ ရှမ်း ခေါက်ဆွဲပါ။ တနင်္သာရီ တိုင်း ဒေသကြီးမှာ စားရတဲ့ ရှမ်းခေါက်ဆွဲ ပေါ့လေ။ လှေပေါ်မှာ စီးရင်း ဦးပိုင်း သွား ထိုင်နေတုန်း Markus လာ ထိုင်ပါတယ်။ သူ့ကို ကျွန်း ဆင်းရဲ အကြောင်း ရှင်းပြရင်း ဘေးက ကျွန်းကလေး တွေကို ပြပါတယ်၊ သူစိတ်ဝင်စား သွားပြီး ဓါတ်ပုံ တဖြတ်ဖြတ် ရိုက်တော့ တာဘဲ၊ Poor Island ဆိုပြီးတော့။ ထိုင်ရင်းနဲ့ ရောက်တတ်ရာရာ စကား ပြောနေရင်း ဗွီဒီယို အကြောင်း ရောက် သွားတော့ သူက စာတန်း ထိုးတာထက် သက်ဆိုင်ရာ စကားသံ ထည့်ချင်တယ် လို့ ပြောတယ်၊ မလဲ့ယဉ်ဝင်းကို တစ်ခါတည်း လွှဲ ပေးလိုက်တယ်၊ ခန နေတော့ ဖိနပ်ကျွန်း ကို မြင်ရပါပြီ၊ ဖိနပ်ကျွန်း ကို လှေ ကပ်လို့ မရပါ၊ ရေတိမ်သည်၊ လှေ အသေးနဲ့ လာကြိုတယ်၊ ဒီရွာမှာ ဆိပ်ခံ တံတား မရှိပါ။ ရွာလယ် လမ်း ကလေး အတိုင်း လျှောက် လာကြသည်၊ လမ်းမှာ စာကြည့်တိုက် ကလေး ပြိုပျက် နေတာ တွေ့ပါတယ်၊ စာသင်ကျောင်း မှာ တွေ့ဆုံ ပါတယ်၊ တစ်နာရီလောက် ကြာတယ်၊ Markus က ရွာထဲ ပတ်ကြည့်ချင် သေးတာ၊ ရေကျ သွားရင် လင်မလို ရွာ အဝင်ခက်မယ် ဆိုပြီး မနည်း ပြောမှ နည်းနည်းဘဲ သွားတော့တယ်၊ တော်သေးတာပေါ့၊ အဲသည် ရွာက အပြန် သင်းယုလှိုင် ရယ် လဲ့ယဉ်ဝင်းရယ် ဂွေးသီးတွေ တောင်း လာသေးတယ်၊ လှေပေါ် ရောက်ကြ တော့ ခန မောင်းလိုက်တာ လင်မလို ရွာကို ရောက်ရော ဆိုပါတော့၊ မျက်နှာချင်းဆိုင် မှာ ရှိနေတာလေ။ လင်မလို ရွာအနီနား ရောက်တော့ ရွာသားတွေက အနီးနားထိ မလာဘို့ အော်ပြောကြပါတယ်၊ ကျောက်ပုံ ရှိသတဲ့၊ သူတို့ဆွ ရောက်မှပဲ ကျောက်ဆောင် ကို ကျောက်ပုံ လို့ ခေါ်တာ ကြားဘူး တော့တယ်၊ ဒေသ အခေါ် ပေါ့လေ။ ရွာနာမည် ရေးထားတဲ့ ဆိုင်းဘုတ်ကို ရွာအဝင် မှာ စိုက်ထူ ထားပါတယ်၊ အမျိုးသမီးများ အတော် သဘောကျကြ ပါတယ်၊ လင်မလို ဆိုတာကို သဘောကျ တာပါ၊ သင်းယုလှိုင်ရော လဲ့ယဉ်ဝင်းရော ဆိုင်းဘုတ်နဲ့ ဓါတ်ပုံတွေ ရိုက်ကြတယ်။ တွေ့ဆုံပွဲက ဘုန်းကြီးကျောင်း ဝင်းထဲက ဓမ္မာရုံမှာ။ အသစ်စက်စက် အဆောက် အဦ ပေါ့။ ထမင်းကို ရွာ လူကြီး အိမ်မှာ ကြွေးတယ်၊ ထမင်း စားပြီးတော့ nik နဲ့ ထမင်းစားပွဲမှာ အင်ဒိုနီးရှား ရွာနဲ့ မြန်မာ ရွာ ကွာခြားပုံ ဆွေးနွေးဖြစ် ပါသေးတယ်၊ ထမင်းစား ပြီးတော့ အပြန် လမ်းမှာ ရပ်မိ ရပ်ဖ တစ်ယောက်နဲ့ စကား ပြောရင်း လျှောက် လာခဲ့ပါတယ်၊ သူပြောတဲ့ စကားထဲက သူတို့ရွာမှာ အိမ်ရာ မူဝါဒ ရှိနေတာ ကိုခိုင် တစေ့ တစောင်း တွေ့မိလိုက်တယ်၊ သြော် မြို့တော်ဝန် တွေတောင် မနိုင်တဲ့ မူဝါဒကို အစဉ်အလာ အတိုင်း ကိုင်တွယ် ထားနိုင်တာ ချီးကျူးမိ ပါတယ်၊ ရွာထဲမှာ အိမ်ထောင်ငယ် (အိမ်ထောင် ကျခါစ) တွေကို မြေကွက် သတ်မှတ် ပေးတယ်၊ အခကြေးငွေ ပေးစရာ မလို၊ အိမ်ဆောက် နေခိုင်းတယ်၊ မြေကွက်တွေကို ကြိုသတ်မှတ် ထားပြီး ရွာမိရွာဖ တွေ က ထိန်းသိမ်း ထားတယ်၊ တကယ်လို့ တခြား အရပ်ကို တစုံ တယာက် ပြောင်းရွှေ့ သွားရင် အိမ်ကို ရွာမိရွာဖထံ အပ်ရတယ်၊ ရောင်းလို့ မရဘူး။ နောက် နေမည့်လူကို နေရာ ချ ပေးတယ်။ သူ့ရွာ ဓလေ့နဲ့ သူတို့တွေတော့ အဆင်ပြေနေပုံပဲ။ ပြီးတော့ လှေ ဆင်းပြီး ထွက်ခဲ့ ပါတော့တယ်။ ထွက်လာပြီးတော့ ဒီနေရာမှာ ရှိတဲ့ သောင်ခုံတွေမှာ ဒေါ်အောင်ဆန်းစုကြည် သုံးနာရီ ကြာ သောင်တင် နေခဲ့ ဘူးကြောင်း ပြောတယ်၊ ဒါကြောင့် ကိုခိုင်တို့ လှေကို ရွာက လှေ တစ်စင်းနဲ့ ရေကြောင်းပြ ခိုင်းခဲ့တယ်။ နေ့လည်စာ စားပြီးပြီ ဆိုတော့ ဘီယာ ဘူးကလေးတွေ ဖေါက်ဖို့ ကိုခိုင် စည်းရုံး ပါတယ်။ နဲနဲ ပဲများ နေကြတယ်၊ သောက်မယ်လို့ ဘယ်သူမှ မပြောဘူး၊ ကိုခိုင် နဲ့ nik ပဲ သောက်မယ်၊ အိုကေ ပါလေ၊ နှစ်ယောက် ဆိုရင် တစ်ယောက်ထဲ ထက်တော့ များတာပဲ။ ဒါပေမယ့် ဘီယာ ကို ခွက်ထဲ ထည့် ပြီးတော့ ဦးလှမျိုး ဘက်ပြောင်း လာပါတယ်။ Markus ကတော့ မသောက် သေးပါ။ ကိုခန့်ဇော် ရယ် ဝန်ကြီး နှစ်ပါးရယ်က မသောက်ပါ။ နှစ်ခွက် လောက် Cheer လဲ လုပ်ပြီးရော။ Markus ပါ လာပါတယ်။ ဦးလှမျိုးက ဝန်ကြီး ဦးတင်စိုးကို ဘယ်လို ဧည့်ခံ မလဲ ကြည့်ရမှာဘဲ လို့ ပြောတော့ ဝန်ကြီးက သူ့ရွာ ဘေးက ဖြတ်မောင်းချိန် ကျတော့ ကြည့် ဆိုပြီး သူ့ လူတွေဆီ ဖုန်းဆက် တော့တာဘဲ၊ သူ့ရွညက ပန်းဇင် ဆိုတဲ့ ရွာ။ နာရီဝက် လောက် မောင်းတော့ ရောက်တယ်၊ သူ့လူတွေက လှေငယ် တစ်စီးနဲ့ ချောင်းဝက စောင့် ပေးတယ်၊ ကောင်းလေစွ။ အဲဒီ ကနေ စပြီး ရှေ့မှာ သောင်ခုံ တွေ ရှိတဲ့ အတွက် ဝန်ကြီး ဦးတင်စိုးက လှေကို မောင်းရတယ်၊ လှေဆရာက ရေကြောင်း မသိတော့ဘူး။ တစ်နာရီလောက် ကြာတော့ တနင်္သာရီ မြစ်ဝ ရောက်ပြီ၊ အဲသည် နေရာ ရောက်တော့ ဝန်ကြီး ဦးသိန်းလွင်က လှေကို မောင်းပါတယ်၊ သူ့ရွာနား နီးပြီကိုး။ မောင်းလှော်ကို ၁၄၃၀ မှာ ရောက်ပါတယ်၊ အဲဒီရွာ တွေ့ဆုံပွဲမှာ ကျေးရွာ အုပ်စု ခုနစ်ခု မှ ကိုယ်စားလှယ်တွေ တက်ကြပါတယ်။ အဲဒီ နောက် မြိတ်ကို ပြန်ခဲ့ကြတာ ၁၈၃၀ နာရီ ပြန်ရောက် ပါတယ်။ ၂၄-၅-၂၀၁၃ စောစော တော့ ထ စရာ မလိုပါ၊ မလိုလို့လား မသိ၊ မနက် ၀၄၀၀ နာရီ နိုးပါတယ်။ အီးမေး ဖတ် facebook မှာ ပုံ တင် ၀၇၀၀ လောက် ရှိတော့မှ ကိုခန့်ဇော် ကို နှိုး၊ ခန နေတော့ ကားရောက်လာ၊ မနက်စာ ရန်ကုန် မုန့်ဟင်းခါး သွားစား၊ နဲနဲ စော နေသေးတာနဲ့ မြိတ် မှာ စစ်ဆေးရမယ့် လမ်း နှစ်လမ်း သွားစစ်သေး တယ်။ ပြီးတော့ ဟိုတယ် ပြန်သွားပြီး လေဆိပ် ဆင်းဘို့ ပြင်တယ်။ ဟိုတယ်ကနေ စုရပ် မိတ်ဆက် ဆိုင်ကို သွားတယ်။ မိတ်ဆက်မှာ ကတ်ကြေးကိုက် တစ်ခါ ထပ် စားတယ်။ ကော့သောင်းကနေ လေယာဉ် တက်လာပြီ ဆိုတော့ လေဆိပ်ကို သွားကြတယ်။ လေဆိပ် ဗွီအိုင်ပီ ဆောင်မှာ လေယာဉ် စောင့် နေတော့ Markus က ဗွီအိုင်ပီ ဖြစ်ရတာ အတော် ကောင်းတာဘဲ လို့ ပြောတယ်။ သူ သဘော ကျ လို့။ မြိတ်-ရန်ကုန် လေယာဉ် ကတော့ ဒီလိုပါဘဲ။ မထူးခြားပါဘူး၊ ထားဝယ်မှာ ဆင်းတော့လဲ ၁၅ မိနစ် လောက်ဘဲ ကြာတယ်။ ၁၄၀၀ နာရီ ရန်ကုန် ရောက်တယ်။ ကိုခန့်ဇော် နဲ့ လဲ့ယဉ်ဝင်း တို့က ရန်ကုန်မှာ နေခဲ့တယ်။ ရန်ကင်းမှာ သင်းယုလှိုင်ရဲ့ အဒေါ် ဆီက ပစ္စည်း ခန ဝင်ယူတယ်။ ဦးစိုးမောင်က ၅၁ ရိပ်သာ မှာ အလုပ်ရှိတော့ နေခဲ့တယ်။ ကိုခိုင် နဲ့ သင်းယုလှိုင် နေပြည်တော်ကို ပြန်ခဲ့တာ ည ၂၀၀၀ နာရီ အိမ်ပြန် ရောက်ပါတယ်။ ခရီးစဉ် တစ်ခုလုံး အစအဆုံး ကြည့်လိုက်ရင် ချောမော အောင်မြင်တဲ့ ခရီးစဉ် လို့ ပြောရပါမယ်။ အဆုံးထိ ဖတ်တဲ့အတွက် ကျေးဇူး တင်ပါတယ်။ (ကိုခိုင်)

Friday, May 24, 2013

လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စီမံကိန်းအဖွဲ့ သွားရောက်လေ့လာ

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် စီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးနောက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦး၊ ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner ခေါင်းဆောင် သည့်အဖွဲ့နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာရှိများ၊ တနင်္သာရီတိုင်း စည်ပင်သာယာရေး အဖွဲ့မှ အရာရှိများ၊ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့သည် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြသည်။ 

မေလ ၂၂ ရက်နေ့တွင် ကျွန်းစုမြို့၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးနောက် ကတ္တလူကျေးရွာအုပ်စု အတွင်းရှိ ကတ္တလူကျေးရွာနှင့် ကပကျေးရွာအုပ်စုအတွင်းရှိ ကပကျေးရွာသို့ သွားရောက် လေ့လာခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် တောပြားကျေးရွာအုပ်စုအတွင်းရှိ ဖနပ်ကျွန်းကျေးရွာ၊ မအိုင် ကျေးရွာအုပ်စုရှိ လင်မလိုကျေးရွာ သို့ သွားရောက်လေ့လာခဲ့သည်။ ထို့နောက် မောင်းလှော်ကျေးရွာအုပ်စုအတွင်းရှိ မောင်လှော် ကျေးရွာသို့ သွားရောက်လေ့လာခဲ့ရာ ထိုခရီးစဉ်၌ ညောင်ဘီးကျေးရွာအုပ်စု၊ မင်းဂုတ် ကျေးရွာ အုပ်စုနှင့် ဇေးကမိ ကျေးရွာ အုပ်စုများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံ ခေါင်းဆောင်များနှင့် ရွာသူရွာသားများပါ တစ်ပါတည်း တွေ့ဆုံခဲ့သည်။

ကျေးရွာများတွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနမှ အရာရှိများက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောပြပြီးနောက် Mr. Markus Kostner က ကျေးရွာ အခြေအနေနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ကျေးရွာလူထုက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ကျေးရွာလူထုကလည်း စီမံကိန်းနှင့်ပတ်သက်၍ သိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရာရှိများက ပြန်လည်ဖြေကြားခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ သွားရောက်လေ့လာ - Village Trip in Kyunsu Township

၂၂၊ မေ၊ ၂၀၁၃ - May 22, 2013
ကတ္တလူကျေးရွာအုပ်စု ကတ္တလူကျေးရွာ - Kattalu Village, Kattalu Village-tract





 ၂၂၊ မေ၊ ၂၀၁၃ - May 22, 2013
ကပကျေးရွာအုပ်စု၊ ကပကျေးရွာ- Kapa Village, Kapa Village-tract




၂၃ မေ ၂၀၁၃ - May 23, 2013
တောပြားကျေးရွာအုပ်စု၊ ဖိနပ်ကျွန်း (ကျွန်းသာယာကျေးရွာ) - PhaNat Island (Kyun Thar Yar Village),  TawPyerr Village-tract
















၂၃၊ မေ၊ ၂၀၁၃ - May 23, 2013
မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ - Lin Ma Lo Village, Ma Aine Village-tract









၂၃၊ မေ- ၂၀၁၃ - May 23, 2013
မောင်းလှော်ကျေးရွာအုပ်စု၊ မောင်းလှော်ကျေးရွာ - Maung Lhaw Village, Maung Lhaw Village-tract

ညောင်ဘီးကျေးရွာအုပ်စု၊ မင်းဂုတ်ကျေးရွာအုပ်စုနှင့် ဇေးကမိကျေးရွာအုပ်စုများမှ ရွာသူရွာသားများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။ 
Villagers and administrators from NyaungBeee village-tract, MinGote village-tact and ZayKaMi village-tract also participated.



















တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး

ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်း ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။ 
 
ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးသိန်းလွင်၊ သစ်တော/သတ္တု ဝန်ကြီး ဦးတင်စိုး၊ ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ Country Officer ဖြစ်သူ Mr. Nicholus Myint၊ အဖွဲ့ဝင် ဒေါ်ခင်မမဆွေ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်၊ တနင်္သာရီတိုင်း စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုး၊ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ဦးရှိန်၊ ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးလှိုင်၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ကော်မတီဝင်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/စီးပွား ဝန်ကြီးဦးသိန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်း ချုပ်နှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  စီမံကိန်းနှင့် ပတ်သက်၍ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းခဲ့ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခန့်ဇော်က အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ အစည်းအဝေး တက်ရောက်လာသူများက သိလိုသည့်အချက်များအား မေးမြန်းပြီးနောက် ကမ္ဘာ့ဘဏ် မှ Task Team Leader ဖြစ်သူ Mr. Markus Kostner ကလည်း ဆွေးနွေးပွဲ တက်ရောက် လာသည့် ကျေးရွာနှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများအား ကျေးရွာများ၏ အခြေအနေများနှင့် ပတ်သက်၍ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။ 

ဆွေးနွေးပွဲ တက်ရောက်သူများသည် သိလိုသည့်အချက်အလက်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးပြီး နောက် Mr. Markus Kostner က တက်ရောက်လာသူအားလုံးအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
 ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ 


လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် တစ်မြို့နယ်စီဖြင့် ရွေးချယ် ဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စုနယ်မြေတွင် အကောင်အထည်ဖော်မည့် တစ်မြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၁၃ တွင် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နန့်ဆမ် (မြောက်ပိုင်း) မြို့နယ်နှင့် တနင်္သာရီ တိုင်းရှိ ကျွန်းစုမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အခြား တိုင်းဒေသကြီး/ ပြည်နယ် ၅ ခုရှိ မြို့နယ် ၅ ခုတွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုရှိ မြို့နယ် ၇ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

စီမံကိန်း အကောင်အထည် ဖော်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု တစ်စုစီအတွက် တစ်နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၇၀၀၀ ခန့် နှင့် ညီမျှသော ထောက်ပံ့ငွေကို ၃ နှစ်ဆက်တိုက် ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံ အဆောက်အဦကို ကျေးလက်နေ ပြည်သူလူထုက ရွေးချယ်ရမည်ဖြစ်သည်။ မြို့နယ်တွင် စီမံကိန်း စတင် အကောင်အထည် ဖော်သည့် ပထမနှစ် အတွက် ချမှတ်ထားသည့် လုပ်ငန်းများထဲမှ ကျေးရွာ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အခြေခံ အဆောက် အဦ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ နှင့် အသေးစား တိုးချဲ့ခြင်း လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ်များတွင် ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများအားလုံး ကျေးရွာလူထု ဆန္ဒဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်သည်။

Kyunsu Township Socialization Workshop



























Video