title

title
hi

Friday, May 24, 2013

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး

ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်း ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။ 
 

ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးသိန်းလွင်၊ သစ်တော/သတ္တု ဝန်ကြီး ဦးတင်စိုး၊ ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ Country Officer ဖြစ်သူ Mr. Nicholus Myint၊ အဖွဲ့ဝင် ဒေါ်ခင်မမဆွေ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်၊ တနင်္သာရီတိုင်း စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုး၊ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ဦးရှိန်၊ ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးလှိုင်၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ကော်မတီဝင်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/စီးပွား ဝန်ကြီးဦးသိန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်း ချုပ်နှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  စီမံကိန်းနှင့် ပတ်သက်၍ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းခဲ့ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခန့်ဇော်က အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ အစည်းအဝေး တက်ရောက်လာသူများက သိလိုသည့်အချက်များအား မေးမြန်းပြီးနောက် ကမ္ဘာ့ဘဏ် မှ Task Team Leader ဖြစ်သူ Mr. Markus Kostner ကလည်း ဆွေးနွေးပွဲ တက်ရောက် လာသည့် ကျေးရွာနှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများအား ကျေးရွာများ၏ အခြေအနေများနှင့် ပတ်သက်၍ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။ 

ဆွေးနွေးပွဲ တက်ရောက်သူများသည် သိလိုသည့်အချက်အလက်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးပြီး နောက် Mr. Markus Kostner က တက်ရောက်လာသူအားလုံးအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
 ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ 


လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် တစ်မြို့နယ်စီဖြင့် ရွေးချယ် ဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စုနယ်မြေတွင် အကောင်အထည်ဖော်မည့် တစ်မြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၁၃ တွင် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နန့်ဆမ် (မြောက်ပိုင်း) မြို့နယ်နှင့် တနင်္သာရီ တိုင်းရှိ ကျွန်းစုမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အခြား တိုင်းဒေသကြီး/ ပြည်နယ် ၅ ခုရှိ မြို့နယ် ၅ ခုတွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုရှိ မြို့နယ် ၇ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

စီမံကိန်း အကောင်အထည် ဖော်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု တစ်စုစီအတွက် တစ်နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၇၀၀၀ ခန့် နှင့် ညီမျှသော ထောက်ပံ့ငွေကို ၃ နှစ်ဆက်တိုက် ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံ အဆောက်အဦကို ကျေးလက်နေ ပြည်သူလူထုက ရွေးချယ်ရမည်ဖြစ်သည်။ မြို့နယ်တွင် စီမံကိန်း စတင် အကောင်အထည် ဖော်သည့် ပထမနှစ် အတွက် ချမှတ်ထားသည့် လုပ်ငန်းများထဲမှ ကျေးရွာ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အခြေခံ အဆောက် အဦ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ နှင့် အသေးစား တိုးချဲ့ခြင်း လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ်များတွင် ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများအားလုံး ကျေးရွာလူထု ဆန္ဒဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်သည်။

0 comments:

Post a Comment

Video