title

title
hi

Friday, December 6, 2013

ကရင်ပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်အတွက် ကရင်ပြည်နယ်အတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ် တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၃  ဒီဇင်ဘာလ ၆ ရက်နေ့က ဘားအံမြို့၊ ကန်သာဦးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း၊ ခရိုင် မြို့နယ် အရာရှိများ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းအကြောင်း အကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ် ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး အစီအစဉ် အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့အလိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ် တင်ပြခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ကရင်ပြည်နယ်အတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ မြို့မှာ သံတောင်မြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ဖာပွန်မြို့တို့ ဖြစ်ပါသည်။ ထိုမြို့နယ်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီး နောက် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟို ကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက်တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် ရယူမည် ဖြစ်ပါသည်။ အဆင့်ဆင့်အတည်ပြုပြီးပါက လူထုဗဟိုပြုစီမံကိန်း၏ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

0 comments:

Post a Comment

Video