title

title
hi

Sunday, May 11, 2014

မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး



ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ ဖြိုးရေး ဝန်ကြီးဌာ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း  မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၄မေလ ၁၀ရက်နေ့ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊မြို့နယ်ခန်းမ၌ကျင်းပခဲ့ပါသည်။
 
ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်မင်း၊  စေတုတ္တရာမြို့နယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်း၊ တိုင်ဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦစိန်လှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် ဖြစ်သူ ဒေါ်သင်္ဂီမင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒု-အင်ဂျင်နီယာချူပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးနေထက်ရှိန်၊ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ကျေးရွာအထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းဒါရိုက်တာဖြစ်သူ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒု-အင်ဂျင်နီယာချူပ် ဦးခန့်ဇော် မှမိတ်ဆက်စကားပြောကြားကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်း ချုပ်နှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  စီမံကိန်းနှင့် ပတ်သက်၍ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းခဲ့ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးလှခိုင်ကအသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ အစည်းအဝေး တက်ရောက်လာသူများက သိလိုသည့်အချက်များအား မေးမြန်းပြီးနောက် ကမ္ဘာ့ဘဏ် မှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဒေါ်သဂီ င်္မင်းကလည်း ဆွေးနွေးပွဲ တက်ရောက် လာသည့် ကျေးရွာနှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများအား ကျေးရွာများ၏ အခြေအနေများနှင့် ပတ်သက်၍ သိလိုသည်များကို ပြန်လည်မေးမြန်းပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်မင်းက နိဂုံးချုပ် အမှာစကား ပြောကြားပြီိး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

လူထုဗဟိုပြု စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ခုတွင် တစ်မြို့နယ်စီဖြင့် ရွေးချယ် ဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စုနယ်မြေတွင် အကောင်အထည်ဖော်မည့် တစ်မြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၁၃-၂၀၁၄ ခုဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နမ့်ဆန် (မြောက်ပိုင်း) မြို့နယ်နှင့် တနင်္သာရီတိုင်းရှိ ကျွန်းစုမြို့နယ် တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် အခြား တိုင်းဒေသကြီး/ ပြည်နယ် ၆ ခုရှိ မြို့နယ် ၆ ခုတွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုရှိမြို့နယ်၆မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီမံကိန်း အကောင်အထည် ဖော်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု တစ်စုစီအတွက် တစ်နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၇၀၀၀ ခန့် နှင့် ညီမျှသော ထောက်ပံ့ငွေကို ၃ နှစ်ဆက်တိုက် ထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံ အဆောက်အဦးကို ကျေးလက်နေ ပြည်သူလူထုက ရွေးချယ်ရမည်ဖြစ်ပါသည်။ မြို့နယ်တွင် စီမံကိန်း စတင် အကောင်အထည် ဖော်သည့် ပထမနှစ် အတွက် ချမှတ်ထားသည့် လုပ်ငန်းများထဲမှ ကျေးရွာ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အခြေခံ အဆောက် အဦး ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ နှင့် အသေးစား တိုးချဲ့ခြင်း လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက် ဖြစ်ပြီး  ဒုတိယနှစ် နှင့် တတိယနှစ်များတွင် ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများအားလုံး ကျေးရွာလူထု ဆန္ဒဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။

0 comments:

Post a Comment

Video