Kokhy ကို
Nik က အစည်းအဝေးမှာ ဂျပန် အစိုးရက CDD ဘဏ္ဍာငွေထဲကို ဒေါ်လာ ၁၅ သန်း ပေါင်းထည့် လှူဒါန်းမယ့်
အစီအစဉ်ကို ပြောပြ လာတယ် nodoka နဲ့ အတူ ဂျပန် လူမျိုး နှစ်ယောက် ပါတဲ့ အဖွဲ့က ကျွန်းစု
မြို့နယ် ထဲမှာ ရှိတဲ့ ကျေးရွာတွေ ဆီ ကွင်းဆင်း လေ့လာချင်တယ် လို့လဲ ပြောတယ်
ကောင်းတာပေါ့
ကိုခိုင်တို့ လက်ရှိ ဒေါ်လာ သန်း ၈၀ နဲ့ CDD အကောင်အထည်ဖေါ်တာက မြို့နယ် ၁၅ ခုဘဲ ဆောင်ရွက်
နိုင်တယ် အီတလီချေးငွေနဲ့ နောက်ထပ် မြို့နယ် တိုးဘို့ ဆိုတာကလဲ အခုမှ လွှတ်တော်မှာ ဆွေးနွေး
နေတဲ့ အဆင့်ဘဲ ရှိသေးတယ် လှူဒါန်းငွေ ဆိုရင် မြန်ပေမယ့် ချေးငွေနဲ့ လုပ်ဘို့ အတွက်
ကျတော့ လက်တွန့် နေသေးတယ် ထင်ပါတယ်
ဘာပဲ ဖြစ်ဖြစ်လေ
ကိုခိုင်တို့ ဒီ CDD စီမံကိန်း ၁၅ မြို့နယ်ကို အောင်မြင်အောင် လုပ်ပြနိုင်ရင် မြန်မာနိုင်ငံ
မြို့နယ်ပေါင်း ၃၃၀ လုံး တချိန်ချိန် ဆောင်ရွက်နိုင်လာမှာပါ၊ တစ်ပြည်လုံး မှာ ပြန့်ကျဲ
တည်ရှိနေတဲ့ ကျေးရွာပေါင်း ၆ သောင်းကျော် လွှမ်းခြုံနိုင်အောင် လုပ်နိုင်ဘို့ကလဲ အရင်နှင့်
စာရင် နီး လာပါပြီ။
CDD စီမံကိန်း
ဆိုတာကလဲ ရေရှည် လုပ်ရင် ထိရောက်မှုက သိသာသလောက် တစ်ခနတာ အမြင်နဲ့ ကြည့်ရင် ဘာမှ မရှိသလို
ထင်ရတယ် မမြင်သာဘူး CDD စီမံကိန်း ရဲ့ အဓိက ရည်ရွယ်ချက်ကလဲ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်
မြှင့်တင်ပေးဘို့ ဖြစ်နေတယ် ပွင့်လင်းမြင်သာမှု အလေ့အထ ကတော့ ချက်ချင်း မြင်သာပါတယ်
ကျားမ မခွဲခြားရေး ဆိုရင် သိသိသာသာ အောင်မြင် လာခဲ့တယ် အရင်က ဘယ် ဖွံ့ဖြိုးရေး ကော်မတီမှာမဆို
ကျားမ အချိုးက ၁% မကျော်ခဲ့တာ CDD စီမံကိန်း မှာ အမျိုးသမီး ပါဝင် ဆောင်ရွက်မှုက ၄၉%
ကျော်ခဲ့တယ် တကယ်တော့ ကျား ၉၉ မ ၁ ကနေ ကျား ၅၁ မ ၄၉ လို့ ပြောင်းလဲ ပစ်နိုင်ခဲ့တာ တကယ့်
အောင်မြင်မှုပါ
နိဒါန်း နဲနဲ
ရှည်သွားပါတယ် တကယ်က ခရီးစဉ် မှတ်တမ်း ရေးချင်တာပါ
၂၀၁၄ ဇွန်လ
၂ ရက်၊ ဂျပန်အဖွဲ့နဲ့ လိုက်ပါရမယ့်လူ တစ်ယောက်ချင်းကို ခရီးစဉ် အသေးစိတ် ပြောပြတယ်
ပြန်လှန် ဆွေးနွေးရင် အနည်းအကျဉ်း ညှိတယ်၊ အကြမ်းဖျဉ်း ကိုခိုင်နဲ့ အဖွဲ့က၃ ရက် ညနေပိုင်း
ရန်ကုန် ဆင်းမယ်၊ ၄ ရက် မနက် လေယာဉ် စီးမယ်၊ သန်းနိုင်ဝင်းနဲ့ အဖွဲ့က ၅ ရက်နေ့ ကမ္ဘာ့ဘဏ်
အဖွဲ့နဲ့ အတူ လေယာဉ်စီးကြမယ်။ မြန်မာ့ လေကြောင်း လေယာဉ်က နေ့ခင်းပိုင်း ဖြစ်လေ့ ရှိတယ်။
ဖြစ်ချင်တော့ ညနေပိုင်း မီမီဖူးပွင့်ခိုင် စင်္ကာပူ ပညာသင်ဆု စာမေးပွဲ အောင်တယ်လို့ အမှတ်
၂ အခြေခံ ပညာ ဦးစီး ဌာနက ဖုန်းဆက် လာတယ်၊ ညနေ မှီရာ ကားနဲ့ ရန်ကုန် ဆင်းပါ၊ မနက် ရုံးချိန်
အမီ အမှတ် ၃ အခြေခံ ပညာ ဦးစီးရုံးကို သတင်းပို့ပါ လို့ဆိုပါတယ်။ အဲဒါမှ ဂွ ဘဲ။
၂၀၁၄ ဇွန်လ
၃ ရက်၊ မနက် ၅ နာရီ ၂၀ အိပ်ယာ နိုးတော့ မီမီဖူးပွင့်ခိုင်ဆီ ဖုန်းဆက်တော့ သူက ရန်ကုန်
ရောက်နေပြီ၊ ဖေဖေ ဘယ်နေရာ ရောက်ပြီလဲ တဲ့၊ နေ့လည်မှ ထွက်လာမှာလေ လို့ ပြောတော့ အင်း
မြန်မြန် ထွက်ခဲ့ တဲ့၊ ပိုက်ဆံ ၁၀၀၀၀ ဘဲ ပါတယ် ဦးဇော်ဇော်နောင်ကို လာပို့ပေးဖို့ ပြောပေးဦးတဲ့၊
ဒါနဲ့ ဦးဇော်ဇော်နောင်ဆီကို ဆရာသမားရေ မီးမီး ရန်ကုန်ရောက်နေပြီ ငွေ ၅ သောင်းလောက်
ပေးထားပေးပါဦး ပြောတော့ သူက ဆုချမ်းမြေ့ဇော် ပြောလို့ သိပြီးသား၊ သွားလိုက်မယ် ဘယ်မှာ
တည်းလဲ မေးတယ်၊ ပန်ဒါဟိုတယ် မှာ တည်းမယ် ပြောတယ် ဒါပေမယ့် အခုနက အထိ ဘတ်စ်ကားပေါ်ဘဲ
ရှိသေးတယ် မရောက်သေးဘူး ပြောလိုက်တယ်၊ မေသူကျော်ဆီ လေယာဉ်လက်မှတ် ကိစ္စ မေးတော့ လေယာဉ်လက်မှတ်က
၁၁ နာရီလောက်မှ ရမယ် ပြောတယ်၊ အဲဒါနဲ့ အတူ လိုက်မယ့် ဝင်းမင်းထွန်း၊ မျိုးငြိမ်းထွန်း၊
အေးသီတာထွန်း၊ ထွန်းသုံးထွန်း ဆီ တန်းစီ ဖုန်းဆက် အကြောင်းကြား။ ၁၁ ခွဲ ထွက်မယ် အသင့်ပြင်ထားပေါ့။
၁၀ နာရီလောက် ကျ တော့ ဂျန်းရှင်းကို ချီတက် သွားတယ်၊ လက်မှတ် ကိုယ်စားလှယ်က ခန နေရင်
ရောက်မယ် သွားယူနေပါပြီ ပြောတာနဲ့ ကော်ဖီ သောက်ရင်း ထိုင်စောင့် နေတယ်။ မီမီဖူးပွင့်ခိုင်က
ပန်ဒါဟိုတယ် ရောက်နေပြီ၊ အခန်း ၃ ခန်း ကြိုယူထားပြီ လို့ပြောတယ်။ ၁၁ ထိုးခါနီး လက်မှတ်
ရ တယ်၊ ဝင်းမင်းထွန်းကို ဝင်ခေါ်၊ အေးသီတာထွန်း ကို ဖုန်းဆက်ပြီး ဝင်ခေါ်တာ ၄၃၀၄ မရှာတတ်လို့
ရွာလည် နေသေးတယ်၊ နောက် မျိုးငြိမ်းထွန်း ဝင်ခေါ်ပြီး ဖေ့စ်ဘွတ်တခွင်မှာ နာမည်ကျော်တဲ့
မဟာအမြန်လမ်း ဆီ ချီတက်ခဲ့ကြတယ်၊ အမြန်လမ်းနား ရောက်မှ မီမီဖူးပွင့်ခိုင်က ၇ တန်း လစဉ်ရီပို့ကဒ်
လိုသေးတယ်တဲ့၊ သူ့ဆရာမကြီး ဒေါ်ခင်လှဝင်းဆီ ဖုန်းဆက် ပြောတော့ အားတက်သရော ချက်ချင်း
ရှာပေးလိုက်တယ်၊ ချောစု သွားယူပြီး ဇော်ကြီးကို ရရာ ကားနဲ့ ရန်ကုန် လိုက်ခဲ့ ခိုင်းလိုက်ရတယ်၊
တလောကလုံးကို အလုပ်တွေ ရှုပ်ကိုကုန်ရော၊ ၁၁၅ မိုင်မှာ နေ့လည်စာစားတယ်၊ ရန်ကုန် တိုးလ်ဂိတ်
နား ရောက်တော့ မီမီဖူးပွင့်ခိုင် က သူ မဖြည့်တတ်တဲ့ အပိုဒ်တွေ ဖုန်းဆက်မေးသေးတယ်၊ ခနနေ
ရောက်မယ်၊ ရောက်မှ ဖြည့်ပေးမယ် ပြောရတယ်။ ၅ နာရီလောက် မြို့ထဲ ရောက်တယ်၊ ဝင်းမင်းထွန်း
သူ့အိမ်မှာ အိပ်မှာမို့ လမ်းမှာ ဆင်းတယ်၊ မန္တလေး အက်ဖ်အမ် ဖွင့် ထားရတယ် ယာဉ်ကြော ပိတ်မိ
နေမှာ စိုးလို့၊ ရှင်းတဲ့ လမ်းကြော ရွေး မောင်းရင်း မိုးကလည်း သည်းလာတော့ ဟိုတယ် ပြောက်နေလို့
ပတ်မောင်းလိုက်ရ သေးတယ်။ ဟိုတယ်က သန့်သန့် ရှင်းရှင်း ဆိုတော့ မဆိုးပါဘူး၊ စားသောက်ခန်းမမှာ
မီမီဖူးပွင့်ခိုင်တို့ အဖွဲ့ ဖေါင်ဖြည့်နေကြတာ ကူညီ ပေးလိုက်တယ်၊ မနက်ဖြန်မှ တင်ရမှာပါ။
ကိုခိုင်က ၇ နာရီ ကွင်းချိန်း၊ ၉ နာရီ လေယာဉ် ထွက်မှာ။
၂၀၁၄ ဇွန်လ
၎ ရက်၊ မနက် စောစော နိုးပါတယ်၊ မျိုးငြိမ်းထွန်း၊ အေးသီတာထွန်း တို့ကို နှိုးပြီး ကိုခင်မောင်ထွန်း
ကို လိုက်ပို့ခိုင်းတယ်၊ လေဆိပ်ရောက်တော့ ၇ နာရီ ၅ မိနစ်၊ စောသေးတယ်ပေါ့၊ ဒါပေမယ့်
မြန်မာ့လေကြောင်း ကောင်တာ ရှေ့မှာ တန်းစီနေတာ အတော်တောင် ရှည်နေနှင့်ပြီ၊ ကိုခိုင်တို့လဲ
ယောင်တောင်ပေါင်တောင် ဝင်စီ နေလိုက်တယ်၊ ခနနေမှ ဝင်းမင်းထွန်း မလာသေးတာ သတိရပြီး ဖုန်းဆက်တော့
ရှေ့နားရောက်နေပြီ ပြောတယ်၊ အေး မြန်မြန်လာ ပေါ့။ တန်းစီလို့ ကောင်တာနား ရောက်ခါနီးမှ
သတိရတယ် လက်မှတ်က အတွဲလိုက် ဝယ်ထားတာ တစ်ယောက် စီရင် ရပြီလေ၊ ဟဲဟဲ မထူးတော့ပါဘူး ဆိုပြီး
ဆက်စီ နေလိုက်တယ်၊ ဝင်းမင်းထွန်း ရောက်လာတော့ သူ့ မှတ်ပုံတင်ပါ ရောပြီး ပြလိုက်ရုံပါဘဲ။
အိပ် က ၂ ခုဘဲ အပ်တယ်။ ဘာမှ ပါဘူးလေ။ လေယာဉ်က ၉ နာရီမှ ထွက်မှာ ဆိုတော့ ကော်ဖီဆိုင်မှာ
ထိုင်နေလိုက်ကြတယ်။ အသီးသီး ဖေ့စ်ဘွတ် တင်ရင်း ပေါ့။ လေယာဉ်က အချိန်မှန် ၉ နာရီမှာ
ထွက်ဖြစ်ပါတယ်။ ရာသီဥတု သာယာလှတယ် မဟုတ်ပေမယ့် မြန်မာ့ လေကြောင်း အမ်ဘာရာ လေယာဉ်က သိပ်မခါဘူး၊
သက်တောင့်သင်သာဘဲ၊ မြိတ်ကို ရောက်လာကြတယ်။ ကိုခိုင် အချိန် မဖြုန်းနိုင်ဘူးလေ။ မနက်ဖြန်
အတွက် လိုက်စစ်ရဦးမယ်။ တခါတည်း ကားကို မင်းသန်းရွာ မောင်းခိုင်းတယ်၊ လှေကို မင်းသန်းဆိပ်မှာ
လာကြိုခိုင်းလိုက်တယ်၊ မင်းသန်းဆိပ်ကနေ ဇေးကမိဝင်ပြီး အသေးစိတ် မှာရတယ်၊ ကြိုမယ့် ဆိုင်ကယ်
အလုံအလောက် ရှိဘို့၊ မောင်းတဲ့လူတွေ သပ်သပ်ရပ်ရပ် ဝတ်စား ထားဘို့၊ နိုင်ငံခြားသား တင်မောင်းလာတဲ့
ဆိုင်ကယ်တွေ ဘာအကြောင်းကြောင့်မှ မမှောက်စေဘို့ အစရှိသဖြင့် မလိုအပ်တာတွေ မှာကြား လိုအပ်တာတွေ
မှာစား အာဝါဒါးတွေ တသီကြီး လုပ်ပလိုက်တယ်၊ အရေးထဲ မိုးက ရွာနေတော့ တကိုယ်လုံးကို စို
လို့၊ ရာသီဥတုက မအေးပေမယ့် မိုးစိုတော့လဲ အချမ်းသား တဆတ်ဆတ်တုန်လို့၊ ဖျားတော့မယ် ထင်တာဘဲ။
အဲဒီ ဇေးကမိ ကနေ ပန်းဇင် ရွာဘက် ဆက်လှော်ခဲ့တယ်၊ လမ်းမှာ ကောင်လေး တစ်ယောက်က ဆရာတို့
အားအားရှိ ဇေးကမိဘဲသွား နေကြတယ်၊ တခြားရွာလဲ စစ်ပါဦး လို့ သတိပေး လာတယ်၊ သြော-- ဟုတ်ပဘဲ၊
တခြား ရွာတွေဘက် လှည့်ကြဦးဖို့ ပြောရဦးမယ်။ ခနနေတော့ ပန်းဇင် ရောက်ပါတယ်။ ကျောင်းသွားကြည့်တယ်။
၈၁ သိန်းကျော် ငွေလေးနဲ့ ဘာလုပ်နိုင်မှာလဲ တွေးခဲ့တယ်၊ ဟော အခု တွေ့ပါပြီ၊ မဆိုးပါ၊
မှန်းထားတာထက် ၂ သိန်း လောက် ပိုကုန်တယ် ဆိုပါတယ်၊ အုပ်စု ဥက္ကဋ္ဌက သူလှူလိုက်ပါပြီ တဲ့၊
ကောင်းလေစွ။ ပန်းဇင်က အပြန် ပင်လယ်ဝနား စက်ပျက်ပါလေရော၊ ကိုခိုင်က အချိန် မမီရင် မင်းသန်း
ပြန်မယ်၊ အဲဒီကမှ ကားနဲ့ပြန်မယ် ဆိုတာကို သန်းထွန်းဦးက ဆရာရေ အဲဒီကပြန်ရင် အရမ်းကြာမယ်၊
မင်းသန်းအထိ တစ်နာရီခွဲ၊ ကားမောင်းတာက တစ်နာရီခွဲ စုစုပေါင်း သုံးနာရီကြာမှာ လှေနဲ့ပဲ
ပြန်ကြရအောင်ပါ ဆိုတာနဲ့ အေးလေ ဆိုပြီး လိုက်ခဲ့တာ လှေပျက်တော့ ဘယ် မြန်တော့လို့လဲ၊
လှေငယ် သေးသေးလေးနဲ့ လာကြိုတယ်၊ ဗုဓ္ဒော၊ လှေကြီး မရှိတော့ဘူးလား ဆိုတော့ ရေကျ နေပြီ၊
လှေသိမ်းပြီ တဲ့။ ကိစ္စမရှိဘူး ရွာပြန်မယ် မတင်သေးတဲ့ လှေကြီး ရှာပြီး ပြန်မယ် ဆိုပြီး
ရွာပြန်မောင်းခဲ့တယ်။ လှေကြီး တစ်စီး ကျန်သေးတယ်၊ ဒါနဲ့ အမြန် ဆွဲ ထုတ်ခိုင်းပြီး တက်လိုက်ကြတယ်၊
ဝင်းလတ်ကို ကတ်ကြေးကိုက် ၄-၅ ပွဲ ထုတ်ခိုင်းလိုက်တယ်၊ မတော် မှောင်သွားရင် စားရမှ အားရှိမှာလေ၊
အတော်နေ မှောင်ကမှောင်၊ ဆာကဆာ ဆိုရင် အားငယ် လာကြမှာ၊ သေချာတာက အားငယ်လာရင် အလိုလို
မူးဝေ အော့အန်ကြတော့မှာလေ။ ထင်ထားတဲ့ အတိုင်းပါဘဲ မြိတ်ကို ၈ နာရီ ခွဲ ကျော်မှ ရောက်တယ်။
လမ်းမှာ စားခဲ့တဲ့ ကတ်ကြေးကိုက်က အရသာ အတော်ရှိခဲ့ပါတယ်။ ဝင်းမင်းထွန်း တစ်ယောက်တော့
ဖေ့စ်ဘွတ် မှာ ပုံတွေ တင်လိုက်သေးတယ်၊ သန်းနိုင်ဝင်း ပါမလာတော့ ပင်လယ်ထဲ မှောင်သွားပေမယ့်
ကိုခိုင် ပရိတ်တရား မနာလိုက်ရပါ။ ကမ်းပေါ် ရောက်ရောက်ချင်း ကိုခန့်ဇော်ဆီ သတင်းပို့တယ်၊
နိုင်ငံခြားသားတွေ အတွက် ခရီးသွားလာခွင့် ရရင် ပို့ခိုင်းပေးဖို့ အကူအညီ တောင်းတယ်၊
တကယ်ပါဘဲကွယ်၊ လှူချင်လို့ လာကြည့်တဲ့လူလဲ ခွင့်ပြုစာရွက် မပါလို့ကတော့ နိုး ဘဲ တဲ့။
နောင် တစ်ခေတ်မှာ ဟာသ ဖြစ်သွားမလား မသိပေမယ့် အခုလက်ရှိမှာတော့ နိုင်ငံခြားသား အလှူရှင်တွေ
ပညာရှင်တွေ ခရီးသွားလာခွင့် ဆိုတာကြီး တင်ပြ နေရတာ တကယ်ဘဲ အလုပ်ရှုပ်တယ်
၂၀၁၄ ဇွန်လ
၅ ရက်၊ ဒီနေ့ လေ့လာရေး အဖွဲ့ လာမယ့်နေ့။ မနက် ၇ နာရီ ထိုးခါနီး သန်းနိုင်ဝင်း ဖုန်းဆက်
လာတယ် လေယာဉ်ပေါ် ရောက်ပြီတဲ့။ ဂျပန် အဖွဲ့ မတွေ့ပါဘူးတဲ့၊ အ လိုက်တဲ့ အကောင်နှယ်။ ခနနေတော့
ပြန်ဆက်တယ် ကိုကျော်စိုးလင်းကို တွေ့တယ်တဲ့၊ ကဲ.. မခက်လား။ ၉ နာရီလောက် ကျတော့ လေယာဉ်
ဆင်းပါတယ်၊ တဖွဲ့တည်း ပါဘဲ၊ nik နေမကောင်းလို့ မလိုက်နိုင်ဘူး။ လေယာဉ် ခါတဲ့အတွက် နည်းနည်း
တော့ ပင်ပန်းခဲ့ကြပုံဘဲ။ အစီအစဉ် အတိုင်း အားလုံး ဟိုတယ်မှာ check in လုပ်မယ်၊ ၉း၄၅
ထွက်မယ်။ ၉း၄၅ ကျတော့ မူလ အစီအစဉ် အတိုင်း Janelle က ကားနဲ့ သွားမယ်၊ ကျန်တဲ့လူတွေ
လှေနဲ့သွားမယ်၊ ကိုခိုင်တို့ အဖွဲ့က မိန်းကလေး နှစ်ယောက် ကားနဲ့လိုက်မယ်၊ ဒါကို သန်းထွန်းဦး
နားလည်တာ တစ်မျိုးဖြစ်သွားပြီး ကားနဲ့ ခရိုင် ကျေးလက်က ကောင်မလေး နှစ်ယောက် ထည့်လိုက်တယ်။
ကိုခိုင် လှေဆိပ်ရောက်တော့ နိုဒိုက က သူ က ကားနဲ့ ဘဲ လိုက်တော့မယ် ဆိုတယ်၊ အဲဒါနဲ့
ကိုခိုင်တို့ စီးလာတဲ့ ကားနဲ့ သွားတယ်၊ ကိုခိုင်တို့ လှေဆိပ်ကနေ လှေထဲ ဆင်းကြတယ်၊ လှေက
သေးရှည်ရှည် ပုံ၊ အတော်တော့ ကြီးသား၊ ခုံ ၁၅ တန်းလောက် ပါတယ် ဆိုတော့ လူ ၆၀ ကျော် ဆန့်တာပေါ့၊
ကိုခိုင်တို့ အဖွဲ့ကလည်း ၃၀ လောက်တော့ ရှိတယ်လေ။ အတော်ဘဲပေါ့။ လှေမောင်းလာပြီး မကြာဘူး၊
ပထော်ပထက် ကွေ့ ပြီး ထွက် လာတော့ ခေါင်မိုးပေါ် တက်လိုက်တယ်၊ ခေါင်မိုးက သေးရှည်ရှည်
နည်းနည်း ကျဉ်းသယောင်ဘဲ၊ လှေက မြန်တော့ လေကလေး တဖြူးဖြူးနဲ့ ကောင်းသား။ ပင်လယ် ထွက်ရုံလောက်
ဘဲ ရှိသေးတယ်၊ နိုဒိုက ဖုန်း ဆက်လာတယ်၊ ရှေ့က ကား မမီတော့ဘူး တဲ့၊ ကျေးလက်က ဘယ်သူ လိုက်မလဲ
ဆိုပြီး မေးတယ်၊ အဲဒါနဲ့ ကိုခိုင် မသင်္ကာတာနဲ့ ညွှန်းသွဲ့တို့ ကားနဲ့ ပါသွားပြီးလား မေးတော့
သန်းထွန်းဦး ဖွတ်ကြားက သွားပြီ ဆရာတဲ့၊ မယုံလို့ ကိုကို့ကို ဆက်မေးခိုင်းတော့ ရုံးမှာ
ရပ် စောင့် နေတယ်၊ သန်းထွန်းဦးကို နဲနဲ ဆူလိုက်တယ်၊ ပြီးစလွယ် ပြောလို့။ နိုဒိုက ကို
ဖုန်းခေါ်ပြီး နောက်ပြန် လှည့်ပြီး ရုံးမှာ ကျန်ခဲ့တဲ့ နှစ်ယောက်ကို ကြိုခိုင်းလိုက်တယ်။
ရှေ့က Janelle တို့ ကားဆရာကို ခန ရပ် စောင့်ခိုင်း လိုက်ရတယ်။ ကိစ္စတွေ ပြီးတော့ မကိုတို
နဲ့ စကား စမည် ပြောနေခဲ့တယ်၊ စကား ကောင်း နေတုန်း အဲ.. ဇာတ်လမ်း နောက်တစ်ခု စ လာပါရော၊
မိုးရွာတာလေ။ အထဲဝင်ပြေးရတယ်၊ ကိုခိုင် စိတ်ပူနေခဲ့တဲ့ ကိစ္စ ပါဘဲ၊ မိုးသက်လေ တိုက်တာလေ၊
လှေက လူးလှိမ့် နေတယ်၊ ဒါပေမယ့် ဈေးကြီးပေး ငှားခဲ့ရတဲ့ ရှပ်ပြေးလှေ၊ မဆိုးဘူးဗျ၊
သိပ် ကြောက်စရာ မကောင်းဘူး၊ သန်းနိုင်ဝင်း တောင် ဘုရားစာ မရွတ်လိုက်ဘူး ထင်တာဘဲ၊ ပြီးတော့
လှေက သိပ် မြန်တော့ လေမိပြီး ၁၅ မိနစ်လောက် အတွင်း ပန်းဇင်ကို မြင်နေရပြီလေ၊ စိတ်သက်သာသွားတာလဲ
ပါတာပေါ့။ တကယ့်အခက်အခဲက အဲဒီကျမှ တကယ် စ တာ ကိုး။ လှိုင်းကြီးနေတော့ ရှပ်ပြေးက ပန်းဇင်ဆိပ်ကို
မကပ်နိုင်တော့ဘူး၊ ကျောက်ချ ရပ်ရမယ်၊ ပန်းဇင်က လှေနဲ့ ထွက်ကြိုရတယ်၊ ပြဿနာက ကြိုတဲ့လှေက
ရှပ်ပြေးကို မကပ်နိုင်ပြန်ဘူး၊ ခွေး ၂ ကောင် အမြီး လိုက် ဆွဲ နေကြသလို ပတ်ပြေး နေကြတာက
၃-၄ ပတ်၊ ပန်းဇင် ရှေ့က ချောင်းထဲမှာ၊ တော်သေးတယ် ချောင်းက ပေ ၂၀၀၀ လောက် ကျယ်လို့၊
မဟုတ်ရင် ပေ ၁၀၀ ကျော် ရှည်တဲ့ ရှပ်ပြေး ကွေ့မရ ပြုမရ ဖြစ်နေဦးမှာ။ နောက်ဆုံးတော့
အဆင်ပြေ သွားပါတယ်၊ ဓါတ်ပုံတွေ တစ်ထောကြီး ရိုက်ဖြစ်လိုက်တာပေါ့။ မူလ အစီအစဉ် ကတော့
ဒီရွာမှာ ၁ နာရီ ဘဲ နေပြီး ဆက်သွားဘို့ပါ၊ ဒါပေမယ့် မိုးက ရွာနေတော့ ခန ရွာကော်မတီဝင်တွေ
ရပ်မိရပ်ဖ တွေနဲ့ ခန တွေ့လိုက် တယ်၊ မိတ်ဆက်တာ ဘာညာ ပေါ့။ ဂျပန်တွေ မေးခွန်း တချို့
မေးတယ်၊ ကော်မတီဝင်ထဲက တစ်ယောက်ကို CDD ကို ဘယ်လို နားလည် သလဲ မေးတော့ အဲဒီ ငွေစာရင်းကိုင်
အမျိုးသမီးက “လူထုက အလယ်မှာ” (people at centre) လို့ဖြေလိုက်တာ ဂျပန် ဆရာ တော်တော်
သဘောကျ သွားတယ်၊ သူလိုချင်တဲ့ အဖြေ တည့်တည့် ဖြစ်သွား တာကိုး။ ခနနေတော့ မိုး စည်း သွားတယ်၊
ကျေးရွာ ကြော်ငြာသင်ပုန်း သွားကြည့်တယ်၊ ရုံး ဘေးနားမှာဘဲ၊ ရှိရှိ သမျှ စာရွက် အကုန်
မိတ္တူကူးပြီး ကပ်ထားတယ်၊ မှတ်ကရော။ ဘာလို့ ဒီလောက်အထိ ကပ်ရတာလဲ မေးသေးတယ်၊ ကော်မတီ
ဥက္ကဋ္ဌက ကပ်မထားခင်က မပါသေးတာတွေကို ခနခန လာမေးနေတော့ ဖိုင် ရှာပြ နေရတာ အလုပ် တအားရှုပ်လို့
မထူးပါဘူးဆို ကပ်ထားတာတဲ့၊ ပြီးရော၊ ပွင့်လင်းမြင်သာမှုကတော့၊ ၁၀၀ ဘဲ။ နောက်တော့ ကျောင်း
သွားကြည့်တယ်။ တကယ်ပါဘဲ၊ အရင်က မြေစိုက်၊ သစ်သား ခနော်ခနဲ့ ကာထားခဲ့တဲ့ ကျောင်းကို
ကွန်ကရစ် အုတ်မြစ်စီပြီး၊ ကွန်ကရစ်ခင်း၊ ပြူတင်း အောက်မေး အထိ အုတ်ကာ ထားတယ်၊ အပေါ်ပိုင်း
ကိုတော့ သစ်သား ပြန်ကာ ထားတယ်၊ သစ်သားက အသစ်တွေ ဘယ်က ရလဲ ကိုခိုင်မေးတော့ ရွေဘော်ပြန်ထိုး
ထားတာပါတဲ့၊ ကောင်းပေစွ၊ ကလေးတွေ စာသင်နေကြတယ်၊ အခန်း မကန့်ရသေးဘူး၊ လက်သမားက နောက်တစ်
ပတ် အပြီး လုပ်မှာပါတဲ့၊ ကျောင်းပိတ်ရက်မှ လုပ်ရတာမို့ပါတဲ့၊ ကောင်း၏။ ခန့်မှန်း ကုန်ကျငွေက
မလောက်ပါ၊ ၈၁ သိန်း မှန်းတယ်၊ ၈၂သိန်း ကျော် ကုန်တယ်၊ လိုငွေ ဘယ်လိုလုပ်မလဲ ဆိုတော့၊
အုပ်ချုပ်ရေးမှူး လှူဖို့ ငွေ ရှိပါတယ် ပြောတယ်၊ ကောင်းတာပေါ့ ဘယ်သူ လှူမှာလဲ ဆိုတော့
ရွာပိုင်ငွေတဲ့။ ပန်းဇင်က ထွက်လာတော့ လေ ငြိမ် သွားပြီ၊ ရှပ်ပြေး ကပ်လို့ ရပြီ၊ ဒါပေမယ့်
ဆိပ်ခံမှာ ကပ်လို့ မရဘူး လှိုင်း ပုတ် နေသေးတယ်၊ ငပိ လှမ်းတဲ့ ကပျင် တစ်ခုမှာ ကပ်ရတယ်၊
ငပိလှန်းတဲ့ ကပျင်ဆိုတော့ မြင့်တယ်လေ လှေခေါင်မိုးပေါ်ကို ကိုခိုင် ခုန်ချတာ အတော်မြင့်တယ်၊
တစ် ရပ် ကျော်တယ်လေ၊ ၆ ပေ ခွဲလောက် ရှိမယ်၊ ဒါနဲ့ တခြားလူတွေကို ကုလားထိုင် ကနေ လျှောချ
ပေးရတယ်။ လှေပေါ် ရောက်တော့ ထမင်းကျော်ထုပ် လိုက်ဝေတယ်၊ ဆာနေကြတာ ဆိုတော့ အရသာ အရှိဆုံး
နေ့လည်စာ ဖြစ်မှာပါ၊ လှေ ခေါင်မိုးပေါ်မှာလေ၊ ဓါတ်ပုံတွေ ရိုက်ကြတယ်၊ ပျော်စရာပ။ ခနနေတော့
မိုး ဖွဲဖွဲ ကျ လာတယ်။ ဒုက္ခ၊ ဇေးကမိမှာ ဆိုင်ကယ် စီးရဦးမှာကော၊ တစ်ခါ ထပ် စိုဦးမယ်လေ၊
ကိုခိုင် မသင်္ကာပါ၊ မနေ့ကတည်းက ဖျား မလို ဖြစ်နေတာ ဒီနေ့တော့ ဖျား ရတော့မယ့် ပုံပ။ ဇေးကမိရောက်
ကရော၊ ဆိုင်ကယ် ၂၀ လောက် စောင့် နေတယ်၊ ကောင်းပါ့။ ဆိုင်ကယ် တစ်စီးခွလိုက်တယ် မောင်းခိုင်းတယ်၊
ကြာလေ စိုလေ ဖြစ်မှာ ဆိုတော့ မြန်မြန်ရောက် မြန်မြန် ပြီးတာပဲလေ။ ရွာလယ်မှာ ကြော်ငြာ
သင်ပုန်း ရှိတယ် မိုးရေ မစိုအောင် ပလပ်စတစ် အုပ်ထားတယ်၊ အစည်းအဝေးက ကျောင်းမှာ၊ သြော…
ကလေးတွေ ကျောင်းပိတ် ကြရရောလား ဆိုတော့ ဟုတ်ကဲ့ တဲ့ အော် ဆိုးပါ့၊ နောက်ပိုင်းတော့
ကျောင်း မှာ လုပ်ရင် ပိတ်ရက် လုပ်ခိုင်းမှပါ။ ကျောင်းရောက်တော့ အမယ် .. အစည်းအဝေးက
ပြီးခါတောင် နီးနေမင့်ကိုး၊ နိုဒိုက က ကိုခိုင့်နား လာပြီး တိုးတိုးပြောတယ် ဗမာလိုပြောတာ၊
မိန့်ခွန်းတွေ အရှည်ကြီး ပြောတယ် ကိုခိုင်၊ လူတွေက အကြာကြီး ထိုင်နေရတယ် တဲ့၊ ရော..
ဒုက္ခ၊ ကိုခိုင်က အိုခေ ဒါဆို ကျနော် မိန့်ခွန်း တိုတိုဘဲ ပြောပါ့မယ် ဆိုတော့ ရီတယ်၊
ကိုခိုင်က ဗမာ ဆိုတော့ သူ့ကို (ဂျပန်မကို) အင်္ဂလိပ် လိုပြောပါတယ်၊ ဟဲဟဲ ဂျပန်လိုမှ
မပြောတတ်တာ။ ကိုခိုင် တကယ်ဘဲ အတိုဆုံး မိတ်ဆက် စကားကို ပြောလိုက် ပါတယ်၊ ကျနော် လူမှုစစ်ဆေးခြင်း
အစည်းအဝေး မမြင်ဘူးလို့ လာကြည့်တာပါလို့ ပြောလိုက်တယ်၊ ဝိုင်းရီကြတယ်၊ အခုနက ဆွေးနွေး
ငြင်းခုံရင်း ညီးငွေ့နေတာ ပြေလျော့ သွားကြသလိုပါ့။ ဂျပန်ကြီး တစ်ယောက်ကလည်း အချိန်
၅လ ၆လ အတွင်း ဒီလို အစည်းအဝေးမျိုး လုပ်နိုင်တာ အံ့သြမိပါကြောင်း ပြောတယ်။ အစည်းအဝေးကို
ဆက် ကျင်းပ ပါတယ်။ ကိုခိုင် ကတော့ အစည်းအဝေးက ပုံစံ သိပ်မကျဘူး လို့ တွေးမိပါတယ်၊ အလုပ်ရုံ
ဆွေးနွေးပွဲလို ပုံစံဘဲ၊ စီမံကိန်း ၁ နှစ် လုပ်တာနဲ့ ရွာက လူတွေ ဒီလောက် ဆွေးနွေးနိုင်
လာတာ မဖြစ်နိုင်ဘူး လို့လဲ တွေးမိတယ်၊ လုပ်ဇာတ်ကြီးလို ဖြစ်နေတယ်၊ အင်းလေ ပညာရှင်တွေ
ရှိတာဘဲ၊ သူတို့ ပြောလာပါလိမ့်မယ် လို့ တေး ထား လိုက်တယ်။ ပြန်လာကြတယ်။ ထုံးစံအတိုင်း
လှေဆိပ် နီးတော့ မိုး သည်းချတယ်၊ စိုပြန်ရော။ မင်းသန်းဆိပ် ကပ်တယ်၊ ကားနဲ့ပြန်လာကြတယ်။
AquaWorld ဆိုင်မှာ dinner တဲ့၊ OK ပေါ့။ ဟိုတယ်ရောက်တော့ ကိုခိုင် ဖျားပါပြီ။ ဒင်းနာက
ချိန်း ပြီးပြီ ဆိုတော့ သွားရတာပေါ့၊ ဘာမှ မစားနိုင်ပါ၊ ဘာမှလဲ မသောက်နိုင်ပါ၊ ငတ်ရော။
ထွေရာလေးပါး စကားပြောကြ၊ ရီကြ၊ မိတ်ဆက်လိုက်ကြ ပေါ့လေ။ ည မှ ဟိုတယ် ပြန်ရောက်တယ်၊ ဟိုတယ်ကို
ပေါင်မုန့် ပို့ခိုင်းပြီး ဆေးသောက် လိုက်ရတယ်၊ အာရောဂျ ပရမာ လာဘာ။
၂၀၁၄ ဇွန်လ
၆ ရက်၊ မနက် ၈ နာရီခွဲ ချိန်း ထားတယ်၊ Nodoka နဲ့ Janelle နဲ့၊ ရုံးမှာတွေ့တယ်၊ မနေ့က
အစည်းအဝေးကို သူတို့လဲ မကြိုက်ဘူးကိုး၊ သူတို့က ယဉ်ကျေးတယ်၊ လုပ်ဇာတ် လို့ မပြောဘူး၊
ပြင်စရာ နဲနဲ အကြံပြုချင်တယ် လို့ ပြောတယ်။ ပြင်ခိုင်းတာကတော့ မူလ ဒီဇိုင်းက စတာဘဲ။
အရင် ဖိတ်ထားတာက ကော်မတီဝင် အားလုံး + ၄ ယောက် ပဲ။ Janelle က Social Audit ဆိုတာ ကော်မတီကို
လူထုက စာရင်းစစ်တာ အခု ကော်မတီယင်က ၁၄ ယောက်၊ ရွာသားက ၄ ယောက်၊ ဘယ်ပြောရဲမလဲ လို့ ဆိုတယ်။
Cesar နဲ့ ကိုခိုင် fight ရ အောင် လုပ်နေ၏၊ တော်ပါသေး၏ ကိုကျော်စိုးလင်းက လေဆိပ် ဆင်းကြစို့လို့
ထ အော်လို့။ ဘယ်လိုပဲ ဆိုဆို အမှတ်တရ ခရီးစဉ်ပါ။
kokhy
လက်မညောင်း ဘူးလားဟင်
ReplyDeleteဒါပေမဲ့ ဖတ်လို့ကောင်းတယ်