title

title
hi

Saturday, February 2, 2013

CSO DRD ဆွေးနွေးပွဲ


ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သို့ CSO IFI Watch Myanmar အဖွဲ့က ၂၈-၁-၂၀၁၃ နေ့တွင် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

CSO IFI Watch Myanmar အဖွဲ့ တွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည်-
၁။ ဦးစည်သူမောင် - Program Officer
၂။ ဒေါ်ခင်နှင်းလှိုင် (ခ) liz - Consultant
၃။ ဒေါ်ဝါဝါယု - Coordinator
၎။ ဒေါ်ဖြူဖြူသီ - Manager
၅။ ဦးဘိုဘိုအောင် - Coordinator

ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့က လက်ခံ တွေ့ဆုံခဲ့သည်-
၁။ ဦးခန့်ဇော် - ညွှန်ကြားရေးမှူး
၂။ ဦးလှခိုင် - ဒုတိယ ညွှန်ကြားရေးမှူး၊
၃။ ဦးကျော်စွာအောင် - ဒုတိယ ညွှန်ကြားရေးမှူး၊
၎။ ဒေါက်တာဇာနည်မင်း - လ/ထ ညွှန်ကြားရေးမှူး၊

တွေ့ဆုံ ဆွေးနွေးပွဲကို ၂၈-၁-၂-၁၃ နေ့ ၀၈၀၀ နာရီတွင် စတင်ခဲ့သည်။
ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခန့်ဇော်က အောက်ပါ အတိုင်း ဆွေးနွေးခဲ့ပါသည်-
၁။  ကမ္ဘာ့ဘဏ်၏ လူထု အခြေပြု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသည် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံသို့ ကူညီ ဆောင်ရွက်သော လုပ်ငန်း ဖြစ်ပါသည်။ မိမိတို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ပြည်ထောင်စု အဆင့် နည်းပညာ အကြံပေးများကို နိုင်ငံတကာမှ သိရှိအောင် ကြော်ငြာပြီး နိုင်ငံတကာ အကြံပေး အဖွဲ့ အစည်း များ ၏ အကူအညီ ရယူလျက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စီမံကိန်း ပထမနှစ်တွင် ချင်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ) အတွင်း၊ မြို့နယ်များရှိ ကျေးရွာများ၌ ၂၀၁၃ခုနှစ်၊ မတ်လမှ စီမံကိန်း စတင်ရန် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ စီမံကိန်း၏ အသက် ဖြစ်သော အကြံဉာဏ် ရယူခြင်းကို သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများ ထံမှ ရယူလျက် ရှိပါကြောင်း နှင့် အားမနာတမ်း ထောက်ပြ ဆွေးနွေး အကြံပြုပါရန် ပြောလိုပါကြောင်း။

လာရောက် တွေ့ဆုံသူ လူမှု အဖွဲ့အစည်း CSO IFI Watch Myanmar အဖွဲ့က ဆွေးနွေးရာတွင် အောက်ပါ အချက်များ အကြံပြု ဆွေးနွေး ခဲ့ပါသည်-
၁။   စီမံကိန်းကြောင့် ကျေးလက် လူထု အတွင်း ဖိအားများ ဖြစ်ပေါ်စေနိုင်ခြင်း၊ ကျေးရွာ အချင်းချင်း အကြား ပြိုင်ဆိုင်မှု ဖြစ်ပေါ်စေနိုင်ခြင်းကို ထည့်သွင်း စဉ်းစား ပြီး စီမံကိန်း ရွေးချယ်မှု ဆောင်ရွက် ရန်
၂။   တိုင်း ဒေသကြီး/ ပြည်နယ် များတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသောအခါ သက်ဆိုင်ရာ ဒေသရှိ NGO/ CSO များ ပါဝင် တက်ရောက် ဆွေးနွေးနိုင်ရန် စီစဉ် ပေးပါရန်
၃။   ပြည်တွင်း NGO/ CSO များ လုပ်ငန်း ဆောင်ရွက်ခွင့် ယှဉ်ပြိုင် အရွေးချယ် ခံရာတွင် ရွေးချယ် ခံရချိန် ကျ မှ မှတ်ပုံတင်လိုပါက ခွင့်ပြု ပေးရန်
၎။   မကျေနပ်ချက် တိုင်ကြား ဖြေရှင်း မှု နှင့် စပ်လျဉ်း၍ ပြောရဲ ဆိုရဲ မရှိကြသေး၊ တိုင်လျှင် အရေးယူ ခံရမည်ဟု ချိမ်းခြောက်မှုများ အောက်ခြေတွင် ရှိနေဆဲ ဖြစ်သဖြင့် မကျေနပ်ချက် တိုင်ကြား ဖြေရှင်း မှု စနစ်တွင် ဤ အချက်ကို ကြိုတင် စဉ်းစား ဆောင်ရွက် ထားရန်
၅။   ကျား/မ အချိုးညီ ပါဝင်မှု နှင့် ပစ်ပယ်ခံ အုပ်စုများ၏ ပူးပေါင်း ပါဝင်ရန် မဝံ့မရဲ ဖြစ်နေခြင်းများ ကျေးလက် ဒေသ တွင် ရှိနေဆဲ ဖြစ်သဖြင့် ဤ ပူးပေါင်း ပါဝင်မှုစေကို ဦးစားပေး စဉ်းစားရန်

ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခန့်ဇော် နှင့် တက်ရောက်သူတို့က အောက်ပါ အတိုင်း ဆွေးနွေးခဲ့ပါသည်-
၁။   စီမံကိန်းကြောင့် ကျေးလက် လူထု အတွင်း ဖိအားများ ဖြစ်ပေါ်စေနိုင်ခြင်း၊ ကျေးရွာ အချင်းချင်း အကြား ပြိုင်ဆိုင်မှု ဖြစ်ပေါ်စေနိုင်ခြင်း တွင် ကျေးရွာ တစ်ခု နှစ်ခု သာ ဆောင်ရွက်ခြင်း မဟုတ်ဘဲ တစ် မြို့နယ်လုံးရှိ ကျေးရွာတိုင်း တွင် ဆောင်ရွက်သွားမည် ဖြစ်၍ အထူး ပူပန်ရန် မရှိနိုင်ကြောင်း၊ ထို့ပြင် မိမိ ဌာန ရန်ပုံငွေဖြင့် ဤ စီမံကိန်းထက် အဆ များစွာ ကြီးမားသော အခြေခံ အဆောက် အဦ စီမံကိန်းများ ဆောင်ရွက် ရာတွင် ပင် ထို ပြဿနာမျိုး မတွေ့ရှိရကြောင်း၊ ဥပမာ ညောင်ဦး မြို့နယ်တွင် ကျေးလက် ရေပေးဝေရေး ဆောင်ရွက် သဖြင့် အခြား မြို့နယ်များက မကျေမနပ် ပြောဆို တင်ပြမှု မရှိခဲ့ ဘူးပါကြောင်း ဆွေးနွေးပါသည်။
၂။   တိုင်း ဒေသကြီး/ ပြည်နယ် များတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသောအခါ သက်ဆိုင်ရာ ဒေသရှိ NGO/ CSO များ ပါဝင် တက်ရောက်ရန် ဖိတ်ကြား လိုပါကြောင်း၊ သို့သော် အဖွဲ့အစည်း အချို့၏ ဆက်သွယ် ရမည့် လိပ်စာ နှင့် ဆက်သွယ် ရမည့် ပုဂ္ဂိုလ် စသော အချက် အလက် အချို့ လိုအပ်လျက် ရှိပါကြောင်း ဆွေးနွေးရာ လာရောက် တွေ့ဆုံသူ အဖွဲ့က ၄င်း တို့ထံတွင် လိပ်စာ ရယူ နိုင်ပါကြောင်း ဆွေးနွေးပါသည်။
၃။   ပြည်တွင်း NGO/ CSO များ လုပ်ငန်း ဆောင်ရွက်ခွင့် ယှဉ်ပြိုင် အရွေးချယ် ခံရာတွင် ရွေးချယ် ခံရချိန် ကျ မှ မှတ်ပုံတင်လိုသော ကိစ္စကို စဉ်းစား ပေးနိုင်ပါကြောင်း၊ သို့သော်လည်း မှတ်ပုံတင် မပြီးမချင်း စာချုပ် ချုပ်ဆို နိုင်မည် မဟုတ်ပါကြေင်း ရှင်းလင်း ဆွေးနွေးပါသည်။
၎။  မကျေနပ်ချက် တိုင်ကြား ဖြေရှင်း ရန် ပြောရဲ ဆိုရဲ မရှိကြသေး မှု အတွက် ရှင်းလင်းရာတွင် ဦးစွာ မကျေနပ်ချက် တိုင်ကြား ဖြေရှင်းခြင်း ယန္တရား ၏ ကျေးရွာ၊ ကျေးရွာ အုပ်စု၊ မြို့နယ် နှင့် ဗဟို အဆင့် ဟူ၍ ဖွဲ့စည်း တည်ရှိပုံ နှင့် လည်ပတ်ပုံ ကို ရှင်းပြပြီး၊ စောင့်ကြည့် စစ်ဆေးမှု စနစ်တွင် ကော်မတီက စောင့်ကြည့်သည့် စနစ် နှင့် စေတနာ့ ဝန်ထမ်း ပုဂ္ဂိုလ်များက စောင့်ကြည့်သည့် စနစ် ဟူ၍ နှစ်မျိုး ပါဝင် သဖြင့် တရားဝင် တိုင်ကြား ပြောဆိုရန် မဝံ့ရဲပါက စေတနာ့ ဝန်ထမ်း ပုဂ္ဂိုလ်များ ထံ သတင်းပေး တင်ပြ ပြောဆို နိုင်ကြောင်း ရှင်းလင်း ဆွေးနွေးပါသည်။
၅။   ကျား/မ အချိုးညီ ပါဝင်မှု နှင့် ပစ်ပယ်ခံ အုပ်စုများ၏ ပူးပေါင်း ပါဝင်ရန် မဝံ့မရဲ ဖြစ်နေခြင်း ကိစ္စ တွင် ရပ်ရေး ရွာရေး စေတနာ့ ဝန်ထမ်း အဖွဲ့များ၏ အကူ အညီကို များစွာ ယူမည် ဖြစ်သဖြင့် မဝံ့မရဲ ဖြစ်မှု သည် များစွာ မနက်ရှိုင်း နိုင်ပါကြောင်း၊ အခိုက် အတန့် ရှက်ရွံ့နေမှု ကြောင့် ၁၀၀ % အပြည့် မပါဝင် စေကာမူ ကာလ ကြာလာသည်နှင့် ပါဝင် ပူးပေါင်းမှု တိုးတက်လာမည်သာ ဖြစ်ပါကြောင်း၊ ပွင့်လင်း မြင်သာမှု နှင့် တာဝန် ယူမှု အခြေခံသော စီမံကိန်း ဖြစ်သဖြင့် အချိန် ကာလ များစွာ မကြာမြင့်မီ ယုံကြည်မှု တိုးတက် ရရှိ လာရန် မျှော်လင့် နိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
၆။   လူထု ဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်သောအခါ CSO များ သည် တတ်နိုင်သော စွမ်းရည်ဖြင့် မည်သည့် နေရာတွင် မည်သို့ ပူးပေါင်း ပါဝင် ကူညီနိုင်မည်ကို စဉ်းစား၍ အကူ အညီ ပေးသွားကြပါရန် မျှော်လင့် ပါကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။


0 comments:

Post a Comment

Video