title

title
hi

Sunday, June 16, 2013

Namhsan diary on township socializing workshop trip

နမ့်ဆန် ဒိုင်ယာရီ
၈-၆-၂၀၁၃ - နေ့က စနေနေ့ပါ။ ကိုခိုင် က နမ့်ဆန် သွားမယ်၊ ကျော်စွာက ကန်ပက်လက် သွားမယ်၊ ဆိုတော့ ရုံးမှာ handout တွေ ကူးပါတယ်။ ကူးတယ် ဆိုပေမယ့် Print ထုတ်တာပါ။ စောင်ရေ ၃၀၀ ပေါ့။ တစ်စောင်မှာ ၁၇ မျက်နှာ ပါပါတယ်။ တစ်စောင် ပျမ်းမျှ တစ်မိနစ်ပါ။ မိနစ် ၃၀၀ ဆိုတော့ ၅ နာရီ ကြာသွား ပါတယ်။ ကိုပိ ရုံး လိုက်လာပါတယ်။ အလုပ် ပြီးလို့ ပြန်မယ် ဆိုတာတောင် ကိုပိ မပြန်ချင်သေးဘူး။ ဦးမြင့်ဦးက မေမြို့ သွားနှင့် ပါပြီ။ ကိုခိုင်က မထက်ကို မန္တလေး လေဆိပ်မှာ ဝင်ကြိုပြီး လိုက်သွား ရပါမယ်။ ကျော်စွာနဲ့ ဗိုလ်မှူး ကိုကိုနိုင်က ညောင်ဦး လေဆိပ်မှာ ဒေါ်ဆွေကို ဝင်ခေါ်ပြီး ကန်ပက်လက်ကို သွားကြ ပါမယ်။
၉-၆-၂၀၁၃ - မနက် ၆ နာရီ နေပြည်တော်က ထွက်ပါတယ်။ မထက်ကို မန္တလေး လေဆိပ်မှာ ဝင်ခေါ် ရပါမယ်။ ကိုခိုင် မှန်း ထားတာက မိတ္ထီလာမှာ မနက်စာ ဝင်စားမယ်။ အချိန် ရတယ် ပေါ့။ ဒါပေမယ့် ကားက ကီလို ၈၀ ပဲ မောင်းလို့ ရပါတယ်။ ၈၀ ကျော် လာတာနဲ့ အင်ဂျင် စ ပူ လာပါတယ်။ အဲကွန်းလဲ မအေးတော့ပါ။ ဒါနဲ့ ၈၀ နဲ့ပဲ မောင်းသွား ရပါတယ်။ မိုင်တိုင် ၂၁၈ ရောက်တော့ ကျော်စွာ ဆီက ဖုန်းလာပါတယ်။ ဘယ်ရောက် နေပြီလဲ မေးတာ။ ၂၁၈ ရောက်ပြီ ပြောတော့ သူက စီလမ်းဆုံ ထက် တောင်ညိုက ပိုကောင်းကြောင်း ပြောပါသေးတယ်။ မိတ္ထီလာမှာ မနက်စာ ဝင်စားမယ့် အစီအစဉ် ကိုလဲ ဖျက်လိုက် ရပါတော့တယ်။ တရွေ့ရွေ့ ချီတက် လိုက်တာ ၉ နာရီ မှ မန္တလေး လေဆိပ် ရောက်ပါတယ်။ ကားရပ်ပြီး အထဲ ဝင်သွားတော့ မထက် ရောက် နေပါပြီ။ Baggage စောင့်နေတုန်းပါ။ တကယ်ကို အချိန်ကိုက် ရောက်တဲ့ သဘောပါ။ ၀၉၁၅ လောက် ထွက်လာခဲ့ ပြီး မေမြို့ကို ထုံးဘို ဖြတ်လမ်း ကနေ မောင်းခဲ့ ပါတယ်။ ၂၁ မိုင် ရောက်တော့ စတွေ့ ပါပြီ။ တစ်လမ်းလုံး ရဲရဲနီ နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ သွားကြမယ့် ပရိတ်သတ်တွေ ပါ။ အလံငယ် ကလေးတွေ ဝှေ့ရမ်း နေကြပါတယ်။ လမ်း တလျှောက်လုံး ဆိုပါတော့။ မေမြို့ တခွင်လုံးလဲ အပြည့်ပါပဲ။ မြို့ပတ်လမ်း ရောက်တော့ အဲဒီလမ်းကနေ သွားမလို့ ကွေ့တော့ လမ်းပိတ် ထားပါတယ်။ ကိုခိုင် ဓါတ်ဆီဆိုင် အဝိုင်း ရောက်မှ ကွေ့ရ ပါတယ်။ ဆန်ဖရန် စစ္စကို မှာ ဦးမြင့်ဦး နဲ့ ဆုံ ရ ပါမယ်။ ၁၁၅၀ မှာ ဆန်ဖရန် ရောက်တော့ ဗိုလ်မှူး ခင်မောင်တင် နဲ့ အီးအီး ပါ ရောက် နေကြ ပါတယ်။ အန်တီ သိင်္ဂီလဲ ပါပါတယ်။ ထမင်း စားပြီး ဆက်ထွက် ကြ တော့ အန်တီ သိင်္ဂီက မလိုက်တော့ ဘူးလို့ ဆိုပါတယ်။ ကျော်ဆန်းမောင် တော့ လိုက် လာခဲ့ပါတယ်။ နောင်ချို မှာ ဆီ ဝင် ထည့်ပါတယ်။ ဆက်မောင်း လာပါတယ်။ ဂုတ်တွင်း ဆင်းတော့ ဂုတ်ထိပ် တံတား နဲ့ လမ်း ကွေ့ ကွေ့ ကောက်ကောက် ကို ငေးမော မိပါသေးတယ်။ ထူးဆန်းတာက အဲဒီ မြင်ကွင်းတွေကို မထက် စိတ်ဝင် တစား မရှိတာ ပါဘဲ။ အဲဒီ နောက်တော့ ကျောက်မဲ ရိပ်သာ ဝင်ပါတယ်။ ရိပ်သာက ပန်းခြံ ထဲမှာ ဆောက်ထား တာပါ။ ကျောက်မဲ မှာ ရှိနေကြ သေးတဲ့ လုပ်ဖေါ် ကိုင်ဖက် မိတ်ဆွေတွေကို တွေ့ရတာ ဝမ်းသာ စရာပါ။ မဖြူက အေးအေးစိုး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မင်္ဂလာ ဆောင်တယ် ဆိုလို့ အံ့သြ ရပါသေးတယ်။ အေးအေးစိုးက ကိုခိုင်နဲ့ အသက် ကွာလှတာ မဟုတ်ဘူး ဆိုတော့ ၄၀ ဝန်းကျင် ရှိနေပြီပေါ့။ ဘာပဲ ဖြစ်ဖြစ် ကွန်ဂရက် ကျူလေးရှင်းပါ။ ၄ နာရီ ကျော်ကျော်လောက် သီပေါ ရောက်ပါတယ်။ Mr Charles ဆိုတဲ့ ဟိုတယ်မှာ တည်းရ ပါတယ်။ ဒီဟိုတယ် ကလေးက မဆိုးဘူးလို့ ပြောရ မှာပါ။ သပ်သပ်ရပ်ရပ် ကလေးပါ။ ဈေးလဲ ကြီးလှတယ် မဆိုနိုင်ပါ။ တစ်ယောက် ၄၀၀၀၀ ပေးရ ပါတယ်။ ညစာ တော့ မရ ပါ။ အခန်း နေရာ ချပြီးတော့ ရေမိုးချိုး အဝတ်အစားလဲ ပြီးမှ ညီးစီစီ ဖြစ်နေတာ ပျောက် ပါတယ်။ အပြင် ဝရံတာ မှာ ထိုင်နေတော့ မထက်က သူ ကွန်ပျူတာ ယူမလာကြောင်း ပြောပါတယ်။ အဲဒါနဲ့ ကိုခိုင် ကွန်ပျူတာ တစ်လုံး သူ့ကို ပေး ထားလိုက်ပါတယ်။ မြိတ် သွားတုံးက ကိုခန့်ဇော်နဲ့ သွားတာဆိုတော့ သူလဲ ကွန်ပျူတာ တစ်လုံး ယူလာမှာမို့ စိတ်မပူရ ပေမယ့် အခု ခရီးစဉ်က ဦးမြင့်ဦးနဲ့ ဆိုတော့ သူလဲ ကွန်ပျူတာ တစ်လုံး ယူလာ လိမ့်မယ်လို့ မျှော်လင့်လို့ မရနိုင် ဘူး ဆိုတော့ အရံ ပြင်ဆင် လာတာလေ။ ညစာကို သီပေါ စည်ပင်က ကြွေးပါတယ်။ မထက် မလိုက်ပါ။ ဟိုတယ်မှာ မှာစားပါ တယ်။ ဦးမြင့်ဦးနဲ့ ကိုခိုင် ကို သူတို့ ဧည့်ခံ တာ ဘယ်လောက် ကုန် ကြမယ်တော့ မသိပါ။ အား နာနာနဲ့ပဲ ကြွေးသမျှ စား၊ တိုက်သမျှ သောက် ပလိုက်တယ်။ မနက် ဦးစိုင်းထွန်းထွန်းနဲ့ ဝန်ကြီးက ၇ နာရီ လာရှိုးက ထွက် လာမယ် ဆိုပါတယ်။ ခရီးစဉ် လမ်းကြောင်း တစ်လျှောက် လုံခြုံရေး လုပ်ဆောင် ထားတဲ့ အခြေ အနေကိုလဲ ပြောပြ ပါတယ်။ ကိုခိုင် တို့က သီပေါက စောင့် ရပါမယ်။ ထွက်ချိန် အတိ အကျ မသိနိုင် သေးပါဘူး။ ဖြစ်သင့်တာ ကတော့ သီပေါက ဘယ်အချိန် ထွက်မယ်၊ ဘယ်နေရာမှာ ဘယ်အချိန် အားလုံး ဆုံမယ် ဆိုတာ မျိုး ဖြစ်သင့်တယ် လို့ ကိုခိုင် ထင်ပါတယ်။ ထားပါတော့။
၁၀-၆-၂၀၁၃ - ထုံးစံ အတိုင်း ကိုခိုင် မနက် ၃ နာရီခွဲလောက် နိုးနေ ပါတယ်။ အခန်းထဲမှာ ဝိုင်ဖိုင် မမိတာနဲ့ အပြင် ထွက်ပြီး အင်တာနက် ဖွင့် နေပါတယ်။ အီးမေး စစ်၊ ဖေ့စ်ဘွတ်ခ် ကြည့် ပြီးတော့ ပျင်းလာတာနဲ့ ဦးမြင့်ဦး ပြောရမယ့် ကျေးဇူးတင် စကားကို ကြို ရိုက် ထားလိုက် ပါတယ်။ မနက် ၆ နာရီ ထိုးတော့ ဦးမြင့်ဦးကို နှိုးပြီး ပြလိုက်တယ်၊ သူ နဲနဲ ပါပါး ပြင်သေးတယ်။ မနက် ၇ နာရီ မှာ ဟိုတယ်က မနက်စာကို စားပါတယ်။ ၀၇၀၅ မှာ လားရှိုးက ထွက်လာပြီ လို့ ပြောပါတယ်။ အဲဒါနဲ့ သီပေါ စည်ပင်က ကွန်ပျူတာ သမားကို ဦးမြင့်ဦးရဲ့ ကျေးဇူးတင် စကားကို ပရင့် ထုတ်ခိုင်း လိုက်ပါတယ်။ ကိုခိုင်တို့ အမြန် စားသောက်ပြီး ဟိုတယ် Check out လုပ်ပါတယ်။ ငွေရှင်းတော့ စည်ပင်က ရှင်းမယ် လို့ ပြောပါတယ်။ ကိုခိုင်က စည်ပင် မရှင်းနဲ့။ ကျနော်တို့ ကိုယ့်ဘာသာ ရှင်းမယ် လို့ ပြောပြီး ရှင်း ပေးခဲ့တယ်။ မထက်က ကမ္ဘာ့ဘဏ်က ငွေ ပြန်ထုတ်ရမှာ ဆိုတော့ သီးခြား ပြေစာ ရေးခိုင်းလိုက် ပါတယ်။ ကိုခိုင်နဲ့ ဦးမြင့်ဦးက တစ်စောင်၊ ဒရိုင်ဘာ နဲ့ ကျော်ဆန်းမောင်က တစ်စောင် ရေး ခိုင်း လိုက်ပါတယ်။ ဟိုတယ်ခ နဲ့ ပို့ဆောင်ခ စရိတ် အမှန်ကုန်ကျစရိတ် ကို ခွင့်ပြု ထားပါတယ်။ ကိုခိုင်နဲ့ ဦးမြင့်ဦး နှစ်ယောက် အတွက် နေ့တွက်က တစ်ရက် ၁၀၀၀၀ ဆိုတော့ ခရီးစဉ် တစ်ခုလုံးမှ ၃၀၀၀၀ စီဘဲ ရပါမယ်။ မနေ့ညက စားသောက် ဝိုင်း ကိုသာ ကိုခိုင် ရှင်းရင် နှစ်ယောက် လုံးစာရဲ့ နှစ်ဆ မက ပါ။ ကိုခိုင်တို့ ရတဲ့ နေ့တွက်ခက သူများကို ဧည့်ခံဘို့ ဘယ်လိုမှ မလောက်နိုင်ပါ၊ ဒါကြောင့် သူတို့တွေလဲ ကိုခိုင်ကို ဧည့်မခံကြ စေချင်ပါ။ ကိုခိုင်ကြောင့် ဝန်ထုတ် ဝန်ပိုး ဖြစ်မယ်ဆိုလဲ မကောင်းပါ။ ကိုခိုင်က ဒီ တစ်ခေါက်ထည်း လာမှာ မဟုတ်ပါ။ ခနခန လာ နေရ ဦးမှာပါ။ ၀၈၃၀ မှာ သီပေါက ထွက်ပါတယ်။ ပွိုင့် ကား တစ်စီး ပါပါတယ်။ လမ်းကြောင်း တလျှောက် လုံခြုံရေး ယူ ထားတယ် ဆိုပေမယ့် ဘာမှတော့ မတွေ့ရပါ။ လမ်းကတော့ တကယ် ပါပဲ၊ အတက် သက်သက် ခြည်းပဲ။ ၂ နာရီလောက် စီးပြီးတော့ ထူးထူး ဆန်းဆန်း ကိုခိုင် ခေါင်း မူး လာပါတယ်။ ကိုခိုင် စီဒီအမ်အေ ၄၅၀ ဖုန်းကို ဖွင့် ကြည့်တော့ လိုင်းဝင် နေတာနဲ့ ဒေါ်မီမီထွေးဆီ ဖုန်းခေါ်တော့ ကိုပိ ဖျား နေတယ် လို့ ပြောပါတယ်။ ကိုခိုင် တစ်ခါမှ ကား မမူးဘူးပဲ မူးတာ ကြောင့် တိုက်ဆိုင်သလို ဖြစ် သွားပါတယ်။ ဒီကောင် ဖျားတာနဲ့ ငါက ခေါင်းမူးရအောင် သူနဲ့ ငါက ရုပ်ရှင်ထဲက အမွှာမှ မဟုတ်တာ လို့ မဆီမဆိုင် တွေးလိုက် မိသေးတယ်။ ဘုရားကြီး ဆိုတဲ့ ရွာကို ရောက်ပါပြီ။ တော်သေးတာပေါ့။ ရွာရောက်မှ ခေါင်းက မူးလို့။ သကြားလုံး နှစ်လုံးလောက် ဝါးစား လိုက်ပါတယ်။ အဲဒီ ရွာမှာ လူထုနဲ့ တွေ့ဆုံပွဲ လုပ်ပါတယ်။ ရွာက လူကြီးတွေက စိတ်ဝင် တစား ဆွေးနွေး ကြပါတယ်။ ကိုခိုင်က အမျိုး သမီးတွေ ကော်မတီတိုင်းမှာ ပါရမယ့် အကြောင်း၊ အမျိုးသမီး ထုရဲ့ လိုလားချက် အရေးကြီးကြောင်း၊ ပြောပြီး အမျိုးသမီးတွေရဲ့ အမြင် ကို မေးပါတယ်။ ထူးဆန်း ပေစွ။ လူကြီးတွေရဲ့ အမြင်နဲ့ မတူတဲ့ ဆန္ဒတွေ စ ပြော လာကြ ပါတယ်။ ပိုပြီး ဆန်းကြယ်တာက ကိုခိုင် ဒီလောက် ရင်းရင်း နှီးနှီး မေးတာတောင် အမျိုးသား လူငယ်တွေ ဘာဆို ဘာမှ မပြောတာ ပါဘဲ။ ထားပါတော့။ ဒီရွာက အမျိုးသမီးတွေက အမျိုးသားတွေ ထက် တက်ကြွတယ် ဆိုရ မှာပေါ့။ အဲဒီ ရွာက ထွက်လာပြီး ၂ မိုင် မောင်းတော့ နမ့်ဆန် ရောက်ပါတယ်။ နမ့်ဆန် ရောက်တော့ ခန နားကြ ပါတယ်။ ပြီးတော့ နေ့လည်စာ စားပါတယ်။ ဝန်ကြီး အဆင့် တည်းခိုတဲ့ ရိပ်သာ ရှိပါတယ်။ ဦးမြင့်ဦး နဲ့ မထက်က ဒီရိပ်သာမှာ တည်းရ ပါမယ်။ ကိုခိုင် နဲ့ ဦးစိုင်းထွန်းထွန်းက ဆေးရုံ ရိပ်သာ မှာ တည်းရ ပါမယ်။ ကိုခိုင် ခေါင်း နည်းနည်း နောက် နေတော့ ခန လှဲ နေချင်တာ မို့ ၁၃၃၀ ပြန်ဆုံကြမယ် လို့ အားလုံးကို ခွင့် တောင်းပြီး ကိုခိုင် တည်းမယ့် ရိပ်သာမှာ ခန သွား အိပ် ပါတယ်။ တကယ်ကို ခန လေးပါ။ တော်တော် လန်း သွားပါတယ်။ ညီးစီစီ မဖြစ်တော့ပါ။ ကိုခိုင်တို့ လွယ်ခန်း ကျေးရွာနဲ့ ငွန်ဆိုင်း ကျေးရွာ တွေ ဆီကို သွား လည်ကြရ ပါတယ်။ လွယ်ခမ်း နဲ့ ငွန်ဆိုင်း ဆိုတာ နှစ်ခု စလုံး ကိုခိုင် သိသလောက် ဆိုရင် ရှမ်းစကား တွေပါ၊ ပလောင် စကား မဟုတ် ပါဘူး။ လွယ်ခမ်း ဆိုတော့ ရွှေတောင် လို့ ကိုခိုင် ဘာသာ ပြန် ပလိုက် တယ်၊ ငွန်ဆိုင်း ကျတော့ မသိတော့ဘူး၊ ဒါနဲ့ အဓိပ္ပာယ် မေးကြည့်တော့ ငွန်ဆိုင်း က သဲသောင်ပြင် လို့ ပြောပါတယ်။ နှစ်ရွာ စလုံး ဖေါ်ရွေတာရော တက်ကြွတာရော ရွာ ကို ဖွံ့ဖြိုး စေချင်တာရော ပြောစရာ မရှိ လောက်အောင် ကို ပါ။ ကိုခိုင် တော်တော် အားတက် သွားတယ်။ ရွာမှာ ကျားမ လူငယ် နည်းတာ တွေ့တာနဲ့ မေးကြည့်ပါတယ်၊ သူတို့ အလွတ် သဘော ပြောတာ ကတော့ တရုပ်ပြည်မှာ အလုပ် သွား လုပ်ကြတယ် ဆို ပါတယ်။ လက်ဖက် အသုံးပြုတာ နည်းလာတာ နဲ့ အမျှ လက်ဖက် ဈေးကွက် ကျဆင်း လာရင် လက်ဖက် အပေါ် လုံးလုံး လျားလျား မှီခို နေကြတဲ့ လူတွေ ကျပ်တည်း လာတဲ့ သဘော ထင်ပါရဲ့၊ ကိုခိုင်က မက်ခရို စီပွားရေးကို သိပ် နားမလည်တော့ ကောက်ချက် တော့ မဆွဲတတ်ပါ။ ငွန်ဆိုင်းမှာ တွေ့ဆုံ ဆွေးနွေးပွဲ ပြီးတော့ ရွာ ရဲ့ ဒုတိယ အသက် အကြီးဆုံး ဆိုတဲ့ အမေကြီးက သူ့ တစ်သက်မှာ ဒီလို ဆွေးနွေးတာမျိုး၊ ဒီလို အမျိုး သမီး တွေကို နေရာ အများကြီးပေးတာ မျိုး၊ ပထမဆုံး တွေ့ဘူး တာ ပါဘဲ လို့ ပြော ပါတယ်။ တော်တော် လဲ ပျော် နေရှာဟန် တူပါတယ်။ ပလောင်လို ပြောတာပါ။ ဘယ်သူမှ ဘာသာ ပြန် မပေးပါဘူး။ ကိုခိုင်လဲ ဘာသာ အတိအကျ မပြန်ခိုင်း တော့ပါဘူး။ ဘေးမှာ ထိုင်တဲ့ ပလောင် ဒေသ ဦးစီး ကော်မတီဝင် ပြောပြ သမျှ သိရ တာပါ။ အဲဒါနဲ့ ကိုခိုင် ပလောင်စကား တစ်လုံး တလေ သင်ဖို့ တေး ထား လိုက်ပါတယ်။ နမ့်ဆန် ပြန်ရောက် တော့ ခန်းမ သွားစစ်ပါတယ်။ ပြီးတော့ ခန နားပြီး ညစာ စားကြ ပါတယ်။ ညစာ စားရင်း ပလောင် ဒေသ ဦးစီး ကော်မတီဝင် ဆီကနေ ပလောင် စကား စသင် ပါတယ်။ မင်္ဂလာပါ ကို ပလောင်လို ခီ-မ်-ဆာ (နေကောင်း ကျန်းမာ) လို့ ပြော ရတာ သိရလာပါတယ်။ ကျေးဇူး တင်ပါတယ် ကို ရော့မီ၊ အားလုံးကို ကျေးဇူးတင်ပါတယ် ကို ရော့ဘယ် လို့ ပြောတာ သိ လာပါတယ်။ ကျနော် ပလောင် စကား နဲနဲ တတ် ပါတယ် ဆိုရင် အော်နာ့ ငယ် တအားင် ဘရက် လို့ ပြောတာ သိလာ ပါတယ်။ ကိုခိုင်နဲ့ ဦးမြင့်ဦး ပလောင် စကားတွေ မြင်းစီးရင်း သင်ယူ နေကြချိန်မှာ ဦးကျော်ဆွေ နဲ့ မထက် နဲ့က အရက် မသောက်တဲ့ လူတွေ မို့ တနေရာမှာ စကားပြော နေကြ ပါတယ်။ ညစာ စားပွဲ ပြီးတော့ ရိပ်သာ ပြန် အိပ်ကြ ပါတယ်။ ပြန်ရောက်ရောက်ချင်း ကိုဝင်းမြင့် ကို ခေါ်ပြီး ခန်းမ အတွက် ကုန်ကျ စရိတ် တွေ ရှင်း ပေးလိုက် ပါတယ်။
၁၁-၆-၂၀၁၃ မှာ ကိုခိုင် ထုံးစံ အတိုင်း မနက် ၄ နာရီ ကျော်ကျော် မှာ နိုး လာပါတယ်။ မှောင် နေသေးတော့ ကြိုးစားပြီး အိပ် ပါ သေးတယ်။ အဲဒီ တော့မှ တော်တော် အေးတာကို သတိ ထားမိ ပါတယ်။ အဲဒါနဲ့ မျက်နှာ သစ်၊ ကိုယ်လက် သန့်စင် ပြီး ထိုင် နေလိုက်ပါတယ်။ ထိုင်ရင်း မနေ့ညက ခပ်ထွေထွေနဲ့ သင်ထားတဲ့ ပလောင် စကားလုံးတွေ မှန် သေးရဲ့လား သေခြာအောင် အသံသွင်း ထားတဲ့ အသံ နဲ့ ပြန် တိုက် စစ်ပါတယ်။ Presentation မှာ ပြောမယ့် စကားလုံးတွေ ကြို တွေး ထားပါတယ်။ အချိန် လု ပြီး ရုံး နဲ့ အင်တာနက် ရနိုင်မှု စစ်ဖို့ တေးထား လိုက်ပါတယ်။ အဲဒီမှာ ဆမ်ဆောင်းဖုန်းက အားကုန် တော့မှာ တွေ့တာနဲ့ အားသွင်း ပါတယ်။ နမ့်ဆန်မှာ ဂျီအက်စ်အမ် မရတော့ ဖုန်းကို ကင်မရာ အတွက်ဘဲ သုံး နေရတာ။ ခန နေတော့ မိုးလင်း လာလို့ အပြင်ထွက် လမ်း လျှောက် ပါတယ်။ အပြင်မှာ နမ့်ဆန် မနက် နေထွက် အလှက အစွမ်းကုန် လှ နေလေ ရဲ့။ ဆမ်ဆောင်းဖုန်းကို အားသွင်း ထားတုန်းမို့ စီဒီအမ်အေ ၄၅၀ ဖုန်း နဲ့ပဲ ဓါတ်ပုံ ရိုက်ရတယ်။ အင်တာနက် မရ တော့ ဖေ့စ်ဘွတ်ခ် မှာ တင်စရာ ဓါတ်ပုံတွေ ကလဲ အတော် များနေပြီ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရယ် နမ့်ဆန်ကို အင်တာနက် ရအောင် လုပ်ပေးလိုက်ပါ ဗျာ။ ကိုခိုင် ကတော့ သီပေါ ရောက်ရောက်ချင်း ဓါတ်ပုံ တင်မယ် လို့ မှတ် ထားလိုက် ပါတယ်။ ခန နေတော့ ညွှန်မှူး ဦးစိုင်းထွန်းထွန်း နိုး လာပါတယ်။ ၆ နာရီ ကျော်ကျော် လောက် ရှိတော့ ဦးမြင့်ဦးတို့ တည်းတဲ့ ရိပ်သာဘက် ချီတက် ခဲ့ကြတယ်။ အဲဒီတော့မှ ကိုခိုင် သတိ ထားမိ သွားတယ်။ ကိုခိုင်နဲ့ ဦးစိုင်းထွန်းထွန်း အိပ်တဲ့ ရိပ်သာမှာ လုံခြုံရေး ယူတာ မတွေ့ရဘဲ သူတို့ ရိပ်သာမှာ တော့ လုံခြုံရေး အပြည့် ယူ ထားတာကိုး။ ၇ နာရီမှာ မနက်စာ စားမယ် ပြောပါတယ်။ အဲသည် တော့မှ ကိုခိုင် သတိ ရပါတယ်။ အစီအစဉ်ကို ကိုခိုင် ကြို မမေး မိဘူး။ ဦးမြင့်ဦး နဲ့ မထက်ကို မပြော ရသေးဘူး။ အဲဒါနဲ့ ရိပ်သာထဲ ဝင်သွားပြီး ဦးမြင့်ဦးကို ပြောတော့ သူသိပြီးသား၊ မထက် အခန်းက ဦးမြင့်ဦးနဲ့ ကပ်လျက် အခန်း၊ တံခါးခေါက်ပြီး ၇ နာရီ မနက်စာ လာ စားဖို့ ပြောခဲ့ရတယ်။ မနက်စာက တို့ဟူးနွေးနဲ့ ကောက်ညှင်းပေါင်း ပါ။ ပူပူ နွေးနွေးမို့ ကောင်းပါတယ်။ ဘယ်လို ကနေ ဘယ်လို စီစဉ် လိုက်ကြတယ် မသိပါ။ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် မထက် က ပလောင် အမျိုးသမီး ဝတ်စုံနဲ့ အခန်း အနား တက်မယ် ဆိုပါတယ်။ ဦးမြင့်ဦးနဲ့ ပလောင် ဥက္ကဋ္ဌ တို့ ပူးပေါင်း စီစဉ် လိုက်ဟန် ရှိပါတယ်။ နောက်တော့ စည်ပင် ရုံး သွားကြည့်ဖို့ လုပ် ပါတယ်။ စည်ပင်ရုံး မတိုင်ခင် ဦးမြင့်ဦးကို မီးလောင်မြေ ပြန်လည် တည်ဆောက် နေတာ လိုက်ပြ ကြပါတယ်။ ထူးဆန်းတာ သွားတွေ့မိ ပြန်ပါတယ်။ အိမ် ဆိုရင် ကျွန်းသားနဲ့ ချည်းပဲ ဆောက်လေ့ ရှိတဲ့ ပလောင် တွေက စတီးအိုင်ဘင်း တွေနဲ့ ဆောက် နေတာကိုး။ ဘာပဲ ဖြစ်ဖြစ် ကောင်းတာပေါ့။ ဆောက်တာလဲ မြန်တယ်။ အကုန် အကျလဲ သက်သာ တယ်။ မီး အန္တရာယ်လဲ နည်းတယ်။ စည်ပင်ရုံးက သေးသေး ကလေး၊ နောက်ထပ် ရုံးအဖွဲ့ ထပ်ထည့်ဖို့ မဖြစ်နိုင်ဘူး။ ၁၆ ပေ × ၂၄ ပေ လောက်ပဲ ရှိမယ်။ စည်ပင်ရုံး အပေါ် တည့်တည့် က တောင်ကုန်း ပေါ်မှာ ကိုဝင်းမြင့် (အီးအို) နေပါတယ်။ စည်ပင်ရုံးက ပြန်လာတော့ လမ်းမှာ အင်တာနက် ဆိုင် ရှိတယ်။ အခြေအနေ ဝင်မေးတယ်။ ဦးမြင့်ဦး ကတော့ ကားပေါ် မှာဘဲ နေခဲ့တယ်။ စကိုင်းနက် ကနေ အင်တာနက် 512kbps ယူပြီး မြို့ထဲက လူတွေ ရော ဌာန ဆိုင်ရာ တွေ ကိုရော သူက မျှ ပေး နေ တယ်။ ဆိုင် အနေနဲ့ တော့ အလုပ် ဖြစ်ဟန် တူပါတယ်။ ကော်နက်ရှင် ကတော့ ရန်ကုန်မှာ ရာသီ ဥတု မကောင်းရင် အတော် နှေးတယ် ဆိုပါတယ်။ တခါ တလေ လဲ ပျက် နေ တတ်တယ် ဆိုပါတယ်။ ဒါကတော့ကွယ် နေပြည်တော်က ဝန်ကြီးရုံးတောင် ခနခန ပျက် နေတတ် သေး တာဘဲ။ ပြီးတော့ ရိပ်သာ ပြန်ခဲ့ကြ ပါတယ်။ ၀၉၃၀ မှာ အခန်းအနား စပါတယ်။ အဖွင့် မိန့်ခွန်း ကို ဝန်ကြီးက ပြောပါတယ်။ နောက် ပလောင် ဒေသ ဥက္ကဋ္ဌ က အမှာ စကား ပြောပါတယ်။ အဲဒီ နောက် မှာတော့ မင်းသား ကိုခိုင်ရဲ့ အခန်း ပါ။ ၄၅ မိနစ်လောက် အချိန် ယူပြီး ရှင်းပြ ပါတယ်။ နောက် အမေး အဖြေ ကဏ္ဍ မှာလည်း အတော်ကို တက်တက် ကြွ ကြွ မေး ပါတယ်။ ကျွန်းစု နဲ့ မတူတာက သူတို့က အရင် အစည်း အဝေး တွေမှာ မတွေ့ဘူးတော့ အစောပိုင်း မေးခွန်းတွေ မေးတာ များတာ ပါဘဲ။ ကျွန်းစု မှာ တက်တဲ့ CSO, CBO တွေက ထားဝယ် အစည်းအဝေးမှာ တက်ဘူးကြတော့ ဒီလို မေးခွန်းတွေ မပါတော့ ဘူး။ ဒီမှာတော့ mechanism တွေ မေး နေကြ ပါသေးတယ်။ နောက်တော့ ဦးမြင့်ဦးက ကျေးဇူးတင် စကား ပြောပါတယ်။ ဝန်ကြီးက အပိတ် မိန့်ခွန်း ပြောပါတယ်။ အခန်းအနား ပြီးတာနဲ့ ပလောင် စာပေ နှင့် ယဉ်ကျေးမှု အသင်းက လူတွေနဲ့ တွေ့ပြီး ကိုခိုင်တို့ ရိုက်ထာတဲ့ တို့ရွာနဲ့တို့စီမံကိန်း ဗွီဒီယို ကို ဘာသာ ပြန် ပေးဖို့ ဆွေးနွေး ပါတယ်။ ပြီးတော့ ရိပ်သာမှာ နေ့လည်စာ စားပြီး တခါတည်း သီပေါကို ပြန်လာကြ ပါတယ်။ လမ်းမှာ နမ့်ဆန် မြို့နယ်ရဲ့ အမြင့်ဆုံး ဘုရားကို ဝင် ကြ ပါသေးတယ်။ မြင်ကွင်း က အတော် လှပါတယ်။ သီပေါကို ဟိုး အဝေး တောင်ကြားထဲမှာ မြင် နေရတယ်။ ၁၇၃၀ မှာ သီပေါ ရောက်ပါတယ်။ ဦးမြင့်ဦးက မေမြို့ကို တန်း ပြန်ပါတယ်။ ကိုခိုင် အပါအဝင် ကျန်တဲ့ လူတွေက သီပေါမှာ ဘဲ အိပ်ပါတယ်။ မအိပ်ခင် ဓါတ်ပုံတွေ ဖေ့စ်ဘွတ်ခ် တင်လိုက် ပါသေးတယ်။ ဦးမြင့်ဦး မေမြို့ကို ည ၉ နာရီခွဲ ရောက်တယ် လို့ သိရပါတယ်။
၁၂-၆-၂၀၁၃ နေ့လည်း ခါတိုင်း လိုပါဘဲ။ ၄ နာရီ နိုးပါတယ်။ အင်တာနက် ဖွင့်ပြီး အီးမေး နဲနဲ ပို့ ပါတယ်။ မမေ့သေးခင် အစီရင် ခံစာ ရေးပါတယ်။ ၅ နာရီလောက် ရှိတော့ ရေချိုး၊ အဝတ် အစားလဲ နေတုန်း ကျောက်မဲ အီးအီး ဖုန်းဆက်ပါတယ်။ ရိပ်သာမှာ မနက်စာ ပြင်ပြီး စောင့်မယ် ပြောတယ်၊ ကိုခိုင် နဲနဲ အားနာ သွားပါတယ်။ တကယ်တော့ ကိုခိုင် လမ်းဘေးက ဆိုင်မှာ စားမလို့ပါ။ အလုပ်ရှုပ် သက်သာတယ် လေ။ သူတို့ စေတနာကို လေးစား ပါတယ်။ ဒါပေမယ့် သူတို့ ကို လူကြီးတွေက ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် ကို ဧည့်ခံဘို့ လုပ်ခိုင်း ထားတာ ဆိုပေမယ့် အားနာစရာ ကောင်းလောက်အောင် ဖြစ်နေ ပါတယ်။ ၁၀ နာရီမှာ မေမြို့က ဦးမြင့်ဦး အိမ် ရောက်တယ်။ သူက ကိုခိုင်တို့ စီးလာတဲ့ ကား ယူထားလိုက်မယ်။ ကိုခိုင်တို့ကို ဗင်ကား ပေးလိုက်ပြီး သွားနှင့် ကြဖို့ ပြောတယ်။ သူနေခဲ့ ဦးမယ်။ အဲဒါနဲ့ ကားပြောင်း စီးပြီး မထက်ကို လေဆိပ် ပို့ပါတယ်။ လေယာဉ် လက်မှတ် ရက် ချိန်း ရ ပါသေးတယ်။ တစ်ရက် စောပြီး ပြန်တာ။ အဲဒါတွေ လုပ်ပေးပြီးတော့ ကိုခိုင်ရယ်၊ ကျော်ဆန်းမောင်ရယ် ဒရိုင်ဘာ မင်းကိုဟိန်းရယ် ဆက်မောင်း လာကြပါတယ်။ မိတ္ထီလာ feel express မှာ နေ့လည်စာ စားပြီး ကိုခိုင် ကားပေါ်မှာ အိပ် လိုက်ပါတယ်၊ ကိုခိုင် နိုးတော့ နေ့လည် ၂ နာရီ ထိုးပြီ၊ နေပြည်တော်ကို ပြန်ရောက် နေပါပြီ။ အိမ်ရောက်တော့ ကိုပိက မဖျား တော့ပါဘူး။ ဆေးသောက် နေရတုန်းမို့ မူကြိုတော့ မသွားပါ။ ကိုခိုင် သွားနေတုန်း သူ လုပ်ထားတဲ့ အရုပ်တွေ၊ ပုံတွေ၊ အိမ်စာတွေ တစ်ခုပြီး တစ်ခု ပြ နေပါတော့တယ်။ ခရီးစဉ် တလျှောက် အကူအညီ ပေးခဲ့ကြတဲ့ စည်ပင် ညွှန်မှူးနှင့် စည်ပင် အဖွဲ့များကို ကျေးဇူး အထူး တင်ရှိပါတယ်။ ရော့ဘယ်ဒဒူး။
ကိုခိုင်

0 comments:

Post a Comment

Video