title

title
hi

Wednesday, October 30, 2013

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီမံကိန်း မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၃ အောက်တိုဘာ ၃၀ ရက်နေ့က မုံရွာမြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ၊ တိုင်း ဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ   Sr. Operations Officer Edith Bowles နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ  မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။


အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းအကြောင်း အကျဉ်းချုပ် ရှင်းလင်း တင်ပြ ပါသည်။ ထို့နောက် အစည်းအဝေးအစီအစဉ်အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း ခြင်း၊ မြို့နယ်ရွေးချယ်ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို  ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ရှင်းပြခြင်း၊ တက်ရောက်လာသူများက အဖွဲ့အလိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်း အတွက် အဆိုပြုမြို့နယ် ရွေးချယ်တင်ပြခြင်း၊ အဖွဲ့တာဝန်ခံများ အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ ဆွေးနွေးထားသည့် အချက်အလက်များအပေါ် အခြေခံ၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီမံကိန်းခံစား ခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ ခုမှာ ပင်လယ်ဘူးမြို့၊ မြောင်မြို့နှင့် ဗန်းမောက်မြို့တို့ ဖြစ်ပါသည်။ ထိုမြို့နယ်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီးနောက် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟိုကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက်တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံ ချက် ရယူမည် ဖြစ်ပါသည်။ အဆင့်ဆင့်အတည်ပြုပြီးပါက လူထုဗဟိုပြုစီမံကိန်း၏ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

ဤစီမံကိန်းသည် ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူများအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို လူထုအခြေပြုနည်းလမ်းဖြင့် လက်လှမ်းမီ အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ 



စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ မြို့နယ်တစ်မြို့နယ်စီနှင့် အစိုးရအဖွဲ့ ရုံးစိုက်သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့တွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ 

စီမံကိန်း စတင်အကောင်အထည်ဖော်သည့် ပထမနှစ် (၂၀၁၃-၂၀၁၄) တွင် ရှမ်းပြည်နယ် (မြောက်) ရှိ နမ့်ဆန်မြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းစုမြို့နယ်တို့တွင် စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။


0 comments:

Post a Comment

Video